ကလေးများ ကာကွယ်ဆေးထိုးနှံသင့်သောအကြောင်းရင်း

ကလေးများ ကာကွယ်ဆေးထိုးနှံသင့်သောအကြောင်းရင်း

ကလေးများကို ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်၊  အသည်းရောင်အသားဝါ၊  ပိုလီယိုရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ရေကျောက်ရောဂါနှင့် ဝမ်းရောဂါစသည်တို့ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

WHO နှင့် UNICEF တို့တိုက်တွန်းချက်

ကမ္ဘာတစ်ဝန်း ကလေးများအတွက် ဝက်သက်ရောဂါလွှမ်းခြုံမှုသည် ၂၀၂၁ ခုနှစ်က ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ပိုလီယိုရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ကလေးများရှိကြောင်း၊ မျိုးဆက်တစ်ခု တွင် ကလေးများ၏ ကာကွယ်ဆေးထိုးနှံမှု အကြီးမားဆုံးကျဆင်းမှုကို တွေ့မြင်ရကြောင်းနှင့် ကြီးထွား လာသော  ကာကွယ်ဆေးထိုးနှံမှု  ကွာဟချက်နှင့်အတူငတ်မွတ်မှုအကျပ်အတည်း၏  ပေါင်းစည်းမှုသည် ကလေးများရှင်သန်မှုအခြေအနေများကို ဖန်တီးရန်ခြိမ်းခြောက်နေကြောင်း UNICEF က သတိပေး ထားသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါစီမံချက်ရေးဆွဲခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် အဆုတ်ရောင် ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောကဲ့သို့ ရောဂါများအတွက် ကာကွယ်ဆေးထိုးနှံခြင်းနှင့်လည်း လက်တွဲ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

ကလေးများနှင့် ကြက်ညှာချောင်းဆိုး

ကလေးတစ်ဦးတွင် ရက်သတ္တလေးပတ်ထက်ကျော်အောင် ချောင်းဆိုးခြင်းကို တာရှည်ချောင်းဆိုးခြင်း ဟု သတ်မှတ်ပြီး   နောက်ခံရောဂါကို    ရှာဖွေကုသရန် လိုသည်။ အဖြစ်များသောအကြောင်းရင်းများမှာ ဓာတ်မတည့်မှုများ၊ ထိပ်ကပ်နာ၊ ပန်းနာရင်ကျပ်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မွေးရာပါ အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းအတွင်း အစာဝင်ခြင်း၊ လေပြွန်ပိတ်ခြင်းတို့ကြောင့်လည်း    တာရှည်ချောင်းဆိုး တတ်သည်။ မိဘအများစုက မိမိကလေးတွင် ကြက်ညှာ ချောင်းဆိုးရောဂါဖြစ် နေသည်ကို သတိမထားမိတတ်ကြပေ။ ကြက်ညှာချောင်းဆိုးရောဂါ၏ လက္ခဏာများမှာ ဖျားခြင်း၊ နှာရည်ယို၊ နှာပိတ်ခြင်း၊ မျက်လုံးများနီရဲကာ  မျက်ရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ ပြင်းပြင်းထန်ထန် ဆက်တိုက်ချောင်းဆိုးခြင်းတို့ ဖြစ်တတ်သည်။

ကလေးနှင့် ရေကျောက်

ရေကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါ လက္ခဏာများမှာ အဖျားကြီးခြင်း၊  ခေါင်းကိုက်ခြင်း၊  လည်ချောင်းနာခြင်း၊ ခန္ဓာကိုယ်တွင်  အနီစက်များ ထွက်ပြီး ယားယံခြင်း၊ နှစ်ရက်၊ သုံးရက်ခန့်အကြာတွင် အနီဖုများဖြစ်ပေါ်လာခြင်း၊ ထို့နောက် အရည်ကြည်ဖုများ ဖြစ်လာပြီးပေါက်ထွက်ကာ အနာများဖြစ်ခြင်းတို့ ဖြစ်ကြသည်။ ရေကျောက်ရောဂါ သည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်၏ အာရုံကြောများအတွင်း ပုန်းအောင်းကျန်ခဲ့သည်။ အသက်အရွယ်ကြီးလာသောအခါ ကိုယ်ခံအားကျသည့်အချိန်တွင် ရေယုန်အနေဖြင့် မကြာခဏ ပြန်လည် ဖြစ်တတ်သည်။ ထို့ကြောင့် ရေကျောက်ရောဂါကိုကာကွယ်ရန် အထိရောက်ဆုံးနည်းမှာ ကလေးဘဝကတည်းက ကာကွယ်ဆေးထိုးနှံထားခြင်းပင်ဖြစ်သည်။

ကလေးနှင့် ရာသီတုပ်ကွေး

ရာသီတုပ်ကွေးရောဂါသည် ကူးစက်မြန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးကြောင့် ဖြစ်ပွား ခြင်းဖြစ်သည်။ ရာသီတုပ်ကွေး၏ ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ကိုယ်လက်နာကျင် ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်းနှင့် တခြားလက္ခဏာများ ဖြစ်သည်။ ရာသီတုပ်ကွေးရောဂါ ကူးစက်ခံ ရသော   ကလေးအများစုသည် တစ်ပတ်ခန့်အကြာတွင် ရောဂါပျောက်ကင်းသည်။ ကလေးအနည်းစုသာ ရောဂါအခြေအနေ ဆိုးရွားတတ်သည်။ စနစ်တကျကုသမှုမခံယူပါက အသက်အန္တရာယ်ရှိနိုင်သည်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားပါက ကုသမှုအနေဖြင့်အဖျားကျဆေး  (Acetaminophan/ Paracetamol)၊ ချောင်းဆိုးပျောက်ဆေးနှင့် ဆရာဝန်ညွှန်ကြားပါက ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့ သောက်သုံးနိုင်သည်။ နောက်ထပ် အရေးကြီးသည်မှာ အနားယူရန်၊  ရေများများသောက်ရန်၊ အာဟာရပြည့်ဝရန်လိုအပ်သည်။ ထို့ကြောင့် ရာသီတုပ်ကွေးရောဂါမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ နှစ်စဉ်တုပ်ကွေးရောဂါ ကာကွယ် ဆေးထိုးနှံရန်ဖြစ်သည်။  ရောဂါကူးစက်မှုမှ ကာကွယ်ရန်  လူစုလူဝေးကြား သွားလာခြင်းကို  ရှောင်ကြဉ်ရမည်။ မဖြစ်မနေ အပြင်သွားရမည်ဆိုပါက နှာခေါင်းစည်းတပ်ဆင်၍ အရာဝတ္ထုများ ကိုင်တွယ်ပြီးနောက် လက်သန့်ဆေးရည်အသုံးပြုခြင်း သို့မဟုတ် လက်ကိုဆပ်ပြာဖြင့် ဆေးကြောရမည်။  ရောဂါအခံရှိသော ကလေးငယ်များနှင့်ငယ်ရွယ်လွန်းသော ကလေးငယ်များသည် ရာသီတုပ်ကွေးရောဂါ ကူးစက်နိုင်ခြေများသောကြောင့် မိဘများက သတိထားသင့်သည်။

ကလေးများတွင် ရာသီမရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်သည်။ ထို့ကြောင့် သွေးလွန် တုပ်ကွေး ရောဂါကိုလည်း မေ့မထားသင့်ပေ။ ကလေးဖျားနာပါက  ကိုဗစ်-၁၉ ရောဂါကြောင့်ဖျားခြင်း၊   သွေးလွန်တုပ်ကွေးရောဂါကြောင့်ဖျားခြင်း၊ ရာသီတုပ်ကွေးရောဂါကြောင့်ဖျားခြင်းဟူ၍   စိုးရိမ်ပူပန်မှုနှင့် အတူ ဝေခွဲရခက်တတ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီ တုပ်ကွေးရောဂါခွဲခြားနည်းတချို့ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။

(က)ကိုဗစ်-၁၉ ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါတို့၏ တူညီသော အချက်များ။

• ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။

• ဖျားနာပြီး ကိုယ်လက်ကိုက်ခဲနာကျင်တတ်သည်။

• ရောဂါလက္ခဏာမှာ  သာမန်မှ  ပြင်းထန်အဆင့်ထိဖြစ်နိုင်သည်။

(ခ)  ကိုဗစ်-၁၉ ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါတို့၏ မတူညီသော အချက် များ။

•        ကိုဗစ်-၁၉ ရောဂါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ရောဂါလက္ခဏာများ အနေဖြင့် ဖျားခြင်း၊ ဆက်တိုက်ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ချမ်းတုန်ခြင်း၊ ဝမ်းပျက်ခြင်း၊  အန်ခြင်း၊  အနံ့နှင့် အရသာပျောက်ခြင်း (သို့မဟုတ်) ရနေကျအနံ့၊ စားနေကျအရသာမျိုးမဟုတ်တော့ဘဲ  အနံ့နှင့်အရသာကိုပြောင်း၍ရနေခြင်း၊ အသက်ရှူကျပ်ခြင်း စသည်တို့ဖြစ်သည်။

•        သွေးလွန်တုပ်ကွေးရောဂါသည် အထူးသဖြင့် နေ့လယ်ဘက် ခြင်ကိုက်ခံရခြင်းမှ ကူးစက်တတ် သည်။ ရောဂါလက္ခဏာများအနေဖြင့် ခေါင်းကိုက်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ ကော်ဖီ ရောင်အန်ခြင်း၊    ခန္ဓာကိုယ်တွင်   အနီအစက်အပြောက်များ ထွက်ပေါ်ခြင်းစသည်တို့ ဖြစ်သည်။

•        ရာသီတုပ်ကွေးရောဂါသည် ကိုယ်အပူချိန်ပြင်းခြင်း၊ ကိုယ်လက်နာခြင်း၊ အဖျားတက်ခြင်း၊ နှာစေးခြင်း စသည်တို့ဖြစ်သည်။

ထို့ကြောင့်  ကလေးများအား  တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံထားသင့်သည်။ မိဘများ သိထားသင့် သည်မှာ ယင်းကာကွယ်ဆေးများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို မကာကွယ်ပေးနိုင်သော်လည်း အကယ်၍  သင့်ကလေးတွင်  ကိုဗစ်-၁၉  ရောဂါကူးစက်ခံရပါက ကိုဗစ်-၁၉ ကြောင့်ဖြစ်သော ပြင်းထန် ဆိုးကျိုးများ၏  တချို့တစ်ဝက်ကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပြီးနောက် ဖျားနာခြင်း

ကာကွယ်ဆေးသည် ကလေးတို့၏ ကျန်းမာရေးအတွက် မဖြစ်မနေထိုးနှံသင့်သော ဆေးဖြစ်သည်။ တခြားသော ဆေးများကဲ့သို့ပင် ကာကွယ်ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိသည်။   သို့သော် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးထိုးနှံပြီး သေသေချာချာဂရုစိုက်ပါက ဆိုးကျိုးမှာ မရှိ သလောက် နည်းပါးသည်။ ကလေးများ ကာကွယ်ဆေးထိုးနှံပြီးသောအခါ ကလေးတချို့တွင် ဆေးထိုး သောနေရာ၌ နီရဲနာကျင်ခြင်း ဖြစ်တတ်သည်။ လက်ကိုပုံမှန်အတိုင်း လှုပ်ရှားစေပြီး ရေခဲကပ်ပေး နိုင်သည်။ နာကျင်မှုအတွက် ပါရာစီတမောတိုက်ပေးနိုင်သည်။

အနည်းငယ်သော ကလေးများတွင် တုပ်ကွေးရောဂါ လက္ခဏာခံစားရနိုင်ပါသည်။ ကလေးကို များများ အနားယူခိုင်းပါ။ ကလေးဖျားလျှင် ရေဖတ်တိုက်ပေးပါ။ ကလေးငယ်များကို  ဆေးတိုက်ရာတွင် အသက် အရွယ်ထက် ကလေး၏ ကိုယ်အလေးချိန်နှင့် တိုင်းတာပြီး ဆေးတိုက်ခြင်းက ပိုကောင်းသည်။ ပုံမှန်အားဖြင့်  ကိုယ်အလေးချိန်  ၁  ကီလိုဂရမ်ကို ပါရာစီတမော ၁၅ မီလီဂရမ် တိုက်သင့်သည်။ လေးနာရီခြားဖြစ်စေ၊ ခြောက်နာရီခြားဖြစ်စေ လိုအပ်သလိုတိုက်ပေးနိုင်သည်။ အဖျားတက်မှာ ကြောက်၍ အစာမဖြတ်ပါနှင့်။

အစာဝဝကျွေးပါ။ အစာပျော့ပျော့တွင် အာဟာရဓာတ်စုံလင်စွာ ကျွေးနိုင်သည်။ ဆန်(သို့မဟုတ်)ဂျုံ၊ အသား၊ ငါးနှင့် အသီးအရွက်အစုံကို ပမာဏနည်းနည်းနှင့် မကြာမကြာ ကျွေးပေးနိုင်သည်။ ရေများများ တိုက်ပါ။

ရိုးရိုးရေ၊ ဓာတ်ဆားရည်၊ အသီးဖျော်ရည် စသည်ဖြင့် ကလေးခံတွင်းလိုက်စေရန် ပြောင်းလဲ တိုက်နိုင် သည်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ တခြားသောပိုးသတ်ဆေးများ မတိုက်ပါနှင့်။

ရှားရှားပါးပါး ကလေးအနည်းငယ်တွင် ကာကွယ်ဆေးနှင့် ဓာတ်မတည့်သောလက္ခဏာများ ဖြစ်ပေါ်နိုင် သည်။ မျက်နှာဖောင်းလာခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း၊ ယားခြင်း၊ အဖျားကြီးခြင်း၊ အသက်ရှူကျပ်ခြင်း၊    တက်ခြင်းလက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွား ရောက်ပြသသင့်သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်နှင့် ကျေးလက်ကျန်းမာရေးဦးစီးဌာနများ၌ မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီနှင့် ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး     (ငါးမျိုးစပ်ကာကွယ်ဆေး)၊  ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော ရောဂါကာကွယ်ဆေး၊ ဝက်သက်/ဂျိုက်သိုးရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံပေးခြင်းနှင့် ပိုလီယို အကြောသေ ရောဂါကာကွယ်ဆေးများ   တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။  သို့ပါ၍  သင့်ကလေးဘဝတစ်သက်တာ ကျန်းမာပျော်ရွှင်ရန်နှင့် သင့်မိသားစု ဘဝနောင်ရေး စိတ်အေးနိုင်စေရန် အတွက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရေးအစီအစဉ်များတွင် မကျန်ခဲ့ကြစေရန် အထူး သတိထား စေလိုကြောင်း   တိုက်တွန်းရေးသားလိုက်ရပါသည်။    ။     

ပေါက်ပေါက်

Dates: 
Thursday, July 11, 2024 - 11:18