မင်းကွန်းဒေသမှ လေ့လာစရာမြန်မာ့အနုပညာလက်ရာမြောက် ဝါးဆွဲကြိုးပြုလုပ်ခြင်းအနုပညာ

မင်းကွန်း၊ အနုပညာ

မင်းကွန်းဒေသတွင် ရှေးယခင်ကတည်းက ပန်းချီအနုပညာနှင့်ပေါင်းစပ်ကာ လက်ရာမြောက် ဝါးအနုပညာ ပစ္စည်းများကို ပြုလုပ်ရောင်းချကြသည်။ ယခင် မင်းကွန်းဒေသထွက် ပန်းချီရေးဆွဲထားသည့် ဝါးပေတံ ကလေးများမှာ ထင်ရှားသည်။ နောက်ပိုင်း ကာလတွင် မြန်မာ့အနုပညာလက်ရာမြောက် ဝါးလက်မှု ထုတ်ကုန်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများကိုလည်း ပြည်တွင်းပြည်ပပြပွဲများတွင် ပြသနိုင်သည်အထိ ပြုလုပ် လာနိုင်ခဲ့ပြီး လူအများစိတ်ဝင်စားမှု ပိုမိုများပြားလာကြောင်း သိရသည်။

မင်းကွန်းဒေသတွင် ဝါးလက်မှုအနုပညာ ပစ္စည်းမျိုးစုံကို အမျိုးမျိုးကြံဆလုပ်ကိုင်လေ့ရှိသည်။ ယခင်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးစဉ်က မင်းကွန်းဒေသမှပြုလုပ်သည့် ဝါးအလှဆင်ပစ္စည်းများကို ဂျပန်နိုင်ငံမှ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည် အမျိုးသမီးများနှင့် ပြည်တွင်းခရီးသွားများက အထူးစိတ်ဝင်စားသည်အထိ ပြုလုပ်နိုင်ခဲ့သည်။

မင်းကွန်းဒေသထွက် ဝါးလက်မှုအနုပညာပစ္စည်းများတွင် ဝါးဖန်စီဆွဲကြိုးလေးများမှာ ထင်ရှားသည်။ ဝါးဖန်စီ ဆွဲကြိုးတစ်စုံလျှင် ဖောက်သည်ဈေး ငွေကျပ် ၅၀၀၀ ဖြစ်ပြီး အခြားဖန်စီပစ္စည်းများကိုလည်း ဈေးနှုန်း အမျိုးမျိုးဖြင့် အော်ဒါပြုလုပ်ပေးသည်။

အရည်အသွေးမြင့် ဝါးအနုပညာလက်ရာမြောက် ဝါးလက်မှုပစ္စည်းများအဖြစ် ဟိုတယ်များတွင် အများဆုံး အသုံးပြုသည့် အလှဆင်ပစ္စည်းများဖြစ်သည့် ခြင်းများ၊ မီးစလောင်းများ၊ ဖုန်းထည့်သည့်အိတ်များနှင့်  အခြား အလှဆင်ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများစွာကို ပြုလုပ်ရောင်းချကြသည်။

အမျိုးသမီးများဝတ်ဆင်သည့် ဝါးလည်ဆွဲများ၊ ဝါးဟန်းချိန်း၊ ဝါးလက်ကောက်၊ ဝါးကလစ်မှအစ  အခြားဝါး ဖန်စီအလှဆင်ပစ္စည်းများကို ပြုလုပ်ရောင်းချနိုင်ခဲ့သည်။ လက်ရှိကာလတွင် ခရီးသွားလုပ်ငန်း ရပ်နားထား သည့်အတွက် မင်းကွန်းဒေသတွင် ဝါးဖန်စီဈေးကွက်အေးနေသော်လည်း ပိုမိုဆန်းသစ်သည့် ဝါးလက်မှု ပစ္စည်းများကို တီထွင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။                    

နွေနဒီ၊မြစ်ငယ်