သက်ကြီးဦးရေ များပြားသည့် လူ့အဖွဲ့အစည်းဖြစ်လာရန် တောင်ကိုရီးယား နီးစပ်ဟုဆို
တောင်ကိုရီးယားနိုင်ငံတွင် အသက် ၆၅နှစ်နှင့် အထက် လူဦးရေသည် ၁၀ သန်း ကျော်အထိ မြင့်တက်လာခြင်းကြောင့် နိုင်ငံသည် သက်ကြီးလူဦးရေ များပြားသည့် သက်တမ်းရှည် လူ့အဖွဲ့အစည်း တစ်ခုဖြစ်လာရန် နီးစပ်လာပြီဖြစ်ကြောင်း ပြည်ထဲရေးနှင့် ဘေးကင်းရှင်းရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည်။
နိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် တရားဝင်မှတ်ပုံတင်ထားသည့် လူဦးရေသည် ဇူလိုင်လ ၁၀ ရက်တွင် ၁၀ သန်းနှင့် ၆၂ ဦးရှိကြောင်း၊ နိုင်ငံရှိ စုစုပေါင်း လူဦးရေမှာ ၅၁ သန်းကျော်သာ ရှိသော်လည်း အသက်အရွယ်ကြီးရင့်သည့် ဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၁၉ ဒသမ ၅၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြည်ထဲရေးနှင့် ဘေးကင်းရှင်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယား၏ အသက်ကြီးရင့်သူ လူဦးရေအချိုးအစားသည် ၂၀၁၃ ခုနှစ်တွင် ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၂၂ ခုနှစ် ဧပြီလတွင် ၁၇ ဒသမ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။
နိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်နှင့် အထက် အမျိုးသားဦးရေမှာ လက်ရှိတွင် အမျိုးသမီးဦးရေထက် လျော့နည်းလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ၌ အသက် ၆၅ နှစ်နှင့် အထက် အရွယ်ရှိဦးရေသည် စုစုပေါင်းနိုင်ငံ့ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာပါက ယင်းနိုင်ငံအား သက်ကြီးရွယ်အိုဦးရေ များပြားသည့် သက်တမ်းရှည် လူ့အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ် လေ့ရှိကြောင်း သိရသည်။