သန်လျင်တံတားအမှတ်-၃ ပေါ်မှစိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာနေကြသည့် အများပြည်သူတို့၏ ရင်တွင်းစကားသံများ
ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါ စီးပွားရေးဇုန်၏ ကုန်စည်စီးဆင်းမှု မြို့နယ်များမှဒေသထွက်ကုန်များနှင့် အများပြည်သူ သွားလာမှုတွင် လွယ်ကူမြန်ဆန်စွာ သွားလာနိုင်ရန် ပဲခူးမြစ်ကူးတံတားဖြစ်သည့် သန်လျင်တံတားအမှတ်-၃ကို ဇွန်လ ၈ ရက်နေ့က အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
ထိုသို့ သန်လျင်အမှတ်- ၃ တံတားကြီး ဖွင့်လှစ်နိုင်မှုကြောင့် ယခင်က တစ်လမ်းမောင်းဖြင့် ဖြတ်သန်း သွားလာရသည့် သန်လျင် တံတားအမှတ်-၁ ပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုကို လုံးဝဖြေလျော့သွားစေသည့် အပြင် ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသွားလာမှု မြန်ဆန်ချောမွေ့လာခြင်းသည် ရန်ကုန်တိုင်းဒေသကြီး၏ ကုန်ထုတ်စွမ်းအားနှင့် ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးကို အထောက်အပံ့ဖြစ်စေမည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် သီလဝါ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးလာမှုဖြင့် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာသည့်အပြင် သန်လျင်မြို့နယ်နှင့် ဆက်စပ်လျက်ရှိသည့် ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်တို့ရှိ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူများစွာ ဖြစ်စေလျက်ရှိရာ သန်လျင်တံတားအမှတ်-၃ ပေါ်မှ ဖြတ်သန်းသွားလာနေကြသည့် အများပြည်သူတို့၏ ရင်တွင်းပီတိစကားသံတို့ကို စုစည်းဖော်ပြ လိုက်ပါသည်။
ဦးထင်ကျော်(ရန်ကုန်တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး)
သန်လျင်တံတားအမှတ်-၃ကို ဖွင့်လှစ်လိုက်ပြီး အများပြည်သူစိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာတာကို တွေ့မြင်ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ တံတားပေါ် ကဖြတ်သန်းတဲ့ယာဉ် အသုံးပြုခကောက်ခံတာကိုလည်း ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနက တာဝန်ယူပြီး ဆောင်ရွက်သွားမှာပါ။ သန်လျင်တံတားအမှတ်-၁ ဟာ တစ်လမ်းသွားဖြစ်တဲ့အတွက် ယာဉ်သွားလာမှုများတဲ့ နံနက်ပိုင်းနဲ့ညနေပိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ အမှတ်-၃ တံတားကြီးကိုဖွင့်လှစ်ပြီးတဲ့နောက် ယာဉ်တွေ အဆင်ပြေချောမွေ့စွာဖြတ်သန်း သွားလာနေတာကိုတွေ့မြင်ရမှာပါ။ ဇွန်လ ၈ ရက်ကနေ ဇွန်လ ၁၅ ရက်အထိ တံတားဖြတ်သန်းခ ပေးဆောင်စရာမလိုဘဲ ဇွန်လ ၁၆ ရက်ကစပြီး သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံသွားမှာပါ။ တံတား
ဝန်ဆောင်ခကောက်ခံရာမှာလည်း QR Code System ဖြစ်စေ၊ ငွေသားနဲ့ဖြစ်စေ ကောက်ခံမှာပါ။ ကုန်တင်ယာဉ်ကြီးတွေအတွက် ဖြတ်သန်းခွင့်အချိန်ကို သတ်မှတ် ပေးသွားဖို့ရှိပါတယ်။ ရန်ကုန်-သန်လျင်ကို ဖြတ်သန်းသွားလာတဲ့အခါမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တတ်တဲ့အတွက် တင်ပြပြီးမှဆောင်ရွက်သွားဖို့ ရှိပါတယ်။ တံတားနှစ်ဖက်လုံးကယာဉ်တွေ အခုလိုတံတားပေါ်မှာ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနေတာကို တွေ့မြင်ရတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
ဦးငွေစိုး(ခရီးသွား)
ကျွန်တော်ကသာကေတမှာနေတယ်။ သန်လျင်ကိုသွားတဲ့အခါ အရင်လိုတံတားပေါ်မှာ ပိတ်ဆို့မှု မရှိတော့တဲ့အတွက် သွားလာရေးအဆင်ပြေလာပါပြီ။ အရင်က တံတားအမှတ်-၁ မှာ တစ်လမ်းသွားနဲ့ သွားလာရတယ်ဆိုတော့ တမေ့တမြောသွားလာနေရတဲ့ အခြေအနေကနေ အခုလို ခရီးကြန့်ကြာမှုမရှိဘဲ သွားလာနိုင်တဲ့အတွက် ရင်ထဲပီတိဖြစ်ရပါတယ်။ သန်လျင်တံတားအမှတ်-၃ ပေါ်ကနေ လွယ်ကူမြန်ဆန်စွာ ခရီးသွားလာနိုင်ပြီဖြစ်လို့ ကျွန်တော့်လိုပဲ ခရီးသွားအားလုံး ဝမ်းသာကြည်နူးမှုကို ခံစားနေကြရမှာပါ။
မသက်စု(ခရီးသွား)
ကျွန်မကသန်လျင်မှာနေပါတယ်။ အရင်က သန်လျင်တံတားအမှတ်-၁ ပေါ်က တစ်လမ်းမောင်းနဲ့ သွားလာရတယ်ဆိုတော့ ယာဉ်ကြောကျပ်တာကြုံရတယ်။ တံတား ပေါ်မှာ အချိန်ကုန်ခဲ့ရတယ်။ အခုလို တံတားအသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဆိုတော့ အဆင်ပြေပြေနဲ့ မြစ်ကိုဖြတ်သန်းသွားလာရတာဟာ စိတ်အေးချမ်းမှု ရရှိတဲ့အတွက် ဘယ်လိုခံစားမှုမျိုးနဲ့မှမတူပါဘူး။ အခုလို အဆင်ပြေပြေ ဖြတ်သန်း သွားလာခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဦးအောင်ကြည်(ခရီးသွား)
ကျွန်တော်က သန်လျင်မှာနေတာပါ။ တံတားဟောင်းနဲ့စာရင် တံတားအသစ်မှာ မြန်မြန်ဆန်ဆန်နဲ့ သွားလာခွင့်ရတာဟာ ဝမ်းသာပီတိဖြစ်စရာပါ။ ခရီးသွားတွေလည်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်သလို ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်စေတဲ့အတွက် အားလုံးကိုအကျိုးရှိစေပါတယ်။ ခရီးသွားနဲ့ ကုန်စည်ပို့ဆောင်မှု မြန်ဆန်ခြင်းဟာ မြို့ပြရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေတဲ့အတွက် သန်လျင်တံတားအမှတ်-၃ ဖွင့်လှစ်ခဲ့တာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
တွေ့ဆုံမေးမြန်း-သစ္စာ(mna)
ဓာတ်ပုံ-ဇွဲမာန်