ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း၌ အရိပ်ရမန်ကျည်းပင်ပေါင်း ၄၀၀၀ စိုက်ပျိုး
မင်းဘူး ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းက ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် အရိပ်ရ မန်ကျည်းပင်ပေါင်း ၄၀၀၀ စိုက်ပျိုးပွဲကို ဇူလိုင်လ ၁၁ ရက် တွင် မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းဧရိယာအတွင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများက မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် ဆင်များအတွက် အဓိကအထောက်အကူပြုစေမည့် အရိပ်ရမန်ကျည်းပင်ပေါင်း ၄၀၀၀ ကို “ကမ္ဘာ့မြေဆီလွှာထိန်းသိမ်းဖို့ သစ်ပင်စိုက်ကြစို့” ဆောင်ပုဒ်နှင့် အညီ စုပေါင်းစိုက်ပျိုးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေစက်တော် မန်းချောင်း အပန်းဖြေ ဆင်စခန်းဧရိယာအတွင်း၌ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ရှင်းလင်းဆောင်တွင် မကွေးတိုင်း ဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးမိုးမြင့်က ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု၊ ဆင်စခန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုများ နှင့်မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာနက မြန်မာနိုင်ငံအတွင်း၌ ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းအပါအဝင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) ဆင်စခန်း ၂၃ ခု ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဆင်စခန်းရှိ ရှုမျှော်ဆောင်မှ တစ်ဆင့် ဆင်လိမ္မာလေးများ ကျန်းမာပျော်ရွှင်စေရန် ဆင်ဦးစီးများက နေ့စဉ်နံနက်တိုင်း ရွှေစက်တော် မန်းချောင်းအတွင်း ရေချိုးပေးခြင်း ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးပြီး ဆင်စခန်းရှိ ဆင်ဝန်ထမ်း မိသားစုများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေး ကိရိယာများ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ကာ အဆိုပါဆင်စခန်းရှိ ဆင် ၁၂ ကောင်အား ဆင်စာဘူဖေးများ ကျွေးမွေးလှူဒါန်းကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)