ဝယ်လိုအားမြင့်တက်မည့်အခြေအနေကြောင့် ကမ္ဘာ့ရေနံစျေးမြင့်တက်

ဝယ်လိုအားမြင့်တက်မည့်အခြေအနေကြောင့် ကမ္ဘာ့ရေနံစျေးမြင့်တက်

နွေရာသီကာလအတွက် ဝယ်လိုအားမြင့်တက်မည့်အခြေအနေနှင့် အမေရိကန်နိုင်ငံအတွင်း ငွေကြေး ဖောင်းပွမှု ကျဆင်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၁၂ ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက် လာသည်။

ရေနံစျေးကွက်အဖွင့်တွင် ဘရန့်ရေနံစိမ်းစျေးနှုန်းမှာ တစ်စည်လျှင် ၃၇ ဆင့်မြင့်တက်ပြီး  ၈၅  ဒသမ  ၇၇ ဒေါ်လာသို့လည်းကောင်း၊ WTI ရေနံစိမ်းစျေးနှုန်းမှာ တစ်စည်လျှင် ဆင့် ၅၀ မြင့်တက်ပြီး ၈၃ ဒသမ ၁၂ ဒေါ်လာသို့လည်းကောင်းရောက်ရှိလာခြင်းဖြစ်သည်။

အပတ်စဉ် စျေးနှုန်းအတက်အကျ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဘရန့်ရေနံစိမ်းစျေးနှုန်း သည် သီတင်းပတ်လေးပတ် ဆက်တိုက်တက်ခဲ့ပြီးနောက် ၁ ရာခိုင်နှုန်း ပြန်လည်ကျဆင်းခြင်း ဖြစ်သည်။

သို့သော် WTI ရေနံစိမ်းစျေးနှုန်းမှာမူ သိသိသာသာ ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် အမေရိကန်နိုင်ငံ၌ ဓာတ်ဆီဝယ်လိုအားသည် တစ်ရက်လျှင် စည်ပေါင်း ၉ ဒသမ ၄ သန်းအထိ မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ဓာတ်ဆီဝယ်လိုအား အမြင့်ဆုံး သီတင်းပတ်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရ စားသုံးသူစျေးနှုန်းများ ကျဆင်းလာသည် ကို တွေ့ရခြင်းကြောင့် မကြာမီတွင် ဗဟိုဘဏ်က အတိုးနှုန်းကိုလျှော့ချမည်ဟု မျှော်မှန်းကြသည့် အတွက် ရင်းနှီးမြှုပ်နှံသူများက ရေနံများကိုပိုမိုဝယ်ယူ သိုလှောင်လာနိုင်သည်။

ထို့ကြောင့် ယခုသီတင်းပတ်အတွက် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောထားသည်ဟု သိရသည်။

Ref: RTA

K.H

Dates: 
Saturday, July 13, 2024 - 09:40