ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ကျင်းပမည့်နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ(၂၀၂၄)သို့ တက်ရောက်ရန် မြန်မာကျောင်းသားလူငယ်အဖွဲ့ထွက်ခွာ
ရန်ကုန် ဇူလိုင် ၁၂
ဂျပန်နိုင်ငံ ဖူကူအိုကာမြို့(Fukuoka) အခြေစိုက်အာရှ ပစိဖိတ်ဒေသကလေးများ ဆိုင်ရာကွန်ဗင်းရှင်း (Asian-Pacific Children's Convention-APCC)မှဦးစီး၍ ဖူကူအိုကာမြို့၌ ဇူလိုင်လ ၁၃ ရက်မှ ၂၂ ရက် ထိ ကျင်းပမည့် နွေရာသီ အပြည်ပြည်ဆိုင်ရာလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp-2024) သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ လူငယ်လေးဦးဖြစ်သော မောင်လင်းထက်ပိုင် (အထက-၁၊ ဒဂုံ)၊ မောင်ဘုန်းဇေဟိန်း (ကမာရွတ် လေ့ကျင့်ရေးကျောင်း TTC၊ ရန်ကုန်)၊ မသွန်းသက်ထားအောင် (အထက-၁၊ ဒဂုံ)၊ မရှင်းသန့်ဖြူ (အထက-၂၊ မင်္ဂလာဒုံ၊ အောင်ဆန်းသူရိယ လှသောင်းကျောင်း)တို့အား မြန်မာ-ဂျပန်အသင်း(MJA)မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဌေးလွင်က အုပ်ချုပ်သူအဖြစ် ဦးစီးလိုက်ပါ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဇူလိုင်လ ၁၂ ရက်ညနေတွင် ထိုင်းလေကြောင်းခရီးဖြင့် ထွက်ခွာ သွားရာ မြန်မာ-ဂျပန်အသင်းမှ တာဝန်ရှိသူများက လေဆိပ်သို့ လိုက်ပါ ပို့ဆောင် နှုတ်ဆက်ခဲ့သည်။
မြန်မာကျောင်းသားလူငယ်အဖွဲ့သည် ၁၀ ရက်ကြာ စခန်းချကာလအတွင်း အခြားအာရှ-ပစိဖိတ်ဒေသ ၄၈ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းဝင်တွေ့ဆုံခြင်း၊ အသက်ရွယ်တူ ဂျပန်ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းများသို့ သွားရောက်လေ့လာခြင်းနှင့် ဂျပန်ကျောင်းသား၊ ကျောင်းသူများ၏ နေအိမ်တွင် Home Stay နေထိုင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စခန်းချကာလအတွင်း ပါဝင်တက်ရောက်ကြသည့်နိုင်ငံစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ ယဉ်ကျေးမှု ပွဲတော်အစီအစဉ်ဖြစ်သော ''We are the BRIDGE Festival-2024'' ကို ဇူလိုင်လ ၁၉ ရက် ဒေသစံတော်ချိန် ၂ နာရီခွဲမှ ၆ နာရီအထိ ဖူကူအိုကာမြို့ Marine House ၌ ကျင်းပမည်ဖြစ်ရာ တစ်နိုင်ငံချင်းအလိုက် ကပြဖျော်ဖြေကြရမည်ဖြစ်သည်။ မြန်မာကျောင်းသားလူငယ်အဖွဲ့သည် အစီ အစဉ်(၁၆)အဖြစ် ဒေသစံတော်ချိန် ၃ နာရီ ၄၅မိနစ်၊ မြန်မာစံတော်ချိန်၁ နာရီ ၁၅ မိနစ်တွင် ဖျော်ဖြေရမည်ဖြစ်ပြီး ယဉ်ကျေးမှု ပွဲတော်အစီအစဉ်များကို ZOOM Meeting ဖြင့် ဝင်ရောက်ကြည့်ရှုနိုင် မည်ဖြစ်၍ မြန်မာနိုင်ငံမှ တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများ၊ သက်ဆိုင်ရာ ကျောင်းများမှဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ဝင်စားသူများအနေဖြင့် ဝင်ရောက်ကြည့်ရှုလိုပါက ZOOM Meeting Link နှင့် Meeting ID များကို မြန်မာ-ဂျပန် အသင်းရုံး ရန်ကုန်တွင် ဆက်သွယ်စုံစမ်း ရယူနိုင်ကြောင်း သိရသည်။
မြန်မာကျောင်းသားလူငယ်အဖွဲ့သည်ဂျပန်နိုင်ငံမှရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းတွင် ထိုင်းလေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)