နေပြည်တော် နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့တို့၌ ငွေကျပ် ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာမှ ကရင်ပြည်နယ် လိပ်သိုမြို့နယ် ယာဒိုကျေးရွာ အထိ မူးယစ်ဆေးဝါး သယ်ဆောင်သည့် CANTER ယာဉ်အား MARK II အမျိုးအစား မော်တော်ယာဉ်ဖြင့် ရှေ့ပြေးလမ်းပြ ကြပ်မတ်သူအဖြစ် ဆောင်ရွက်သယ်ဆောင်လာကြောင်း သတင်းအရ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကယားပြည်နယ်ဒီးမော့ဆိုမြို့နယ် ယပ်ခူကျေးရွာအနီး၌ SUZUKI ယာဉ်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းယာဉ်ကို စိုင်းခင်လှ(ခ)ခင်လှ မောင်းနှင်ပြီး ယာဉ်ပေါ်၌ ထွန်းကျင်(ခ)ထွန်းစိန်နှင့် ခိုင်ကိုထွန်း (ခ)ခိုင်ကိုတို့ သုံးဦးလိုက်ပါလာကြောင်း၊ ဆက်လက်၍ ၎င်းယာဉ်ဖြင့် အသွင်ယူကာ မူးယစ်ဆေးဝါး သိုဝှက်သယ်ဆောင်ထားသည့် CANTER အမျိုးအစားမော်တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ရာ လိပ်သို-ယာဒိုမှတစ်ဆင့် တောင်ငူ-ပဲခူး-ရန်ကုန်အထိ ဆက်လက်မောင်းနှင်လာခဲ့ကြောင်း သိရသည်။ အဆိုပါမော်တော်ယာဉ်ကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁ နာရီတွင် ရန်ကုန်-နေပြည်တော်အမြန်လမ်း ရန်ကုန်တိုးဂိတ်အနီး၌ စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ပန်းပန်းနှင့်အတူ CANTER ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ် ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၄၆၆၀၀၀၀ ပြားကို သိမ်းဆည်းရမိခဲ့သည်။
ရန်ကုန်မြို့မှ မူးယစ်ဆေးဝါးလက်ခံမည့်သူများကို ၎င်းတို့ပေးထားသည့် ဖုန်းနံပါတ်များအတိုင်း ချိတ်ဆက်ဆက်သွယ်ရာ ယာဉ်အား လှိုင်သာယာမြို့နယ်အတွင်းထိ မောင်းလာခိုင်းသဖြင့် ဆက်လက်မောင်းနှင်ပြီး ညနေ၄ နာရီခွဲခန့်တွင် စိတ်ကြွဆေးပြား၃၀၀၀၀၀၀ ပြားလက်ခံယူမည့် မင်းမင်း(ခ) အောင်အောင်အား မော်တော်ယာဉ်တစ်စီးနှင့်အတူ လှိုင်သာယာမြို့နယ် မွေးမြူရေးဇုန် ရွှေရင်အေးကျောင်း (၃)လမ်းပေါ်၌ လည်းကောင်း၊ ၎င်းအား မူးယစ်ဆေးဝါးများ သွားရောက်ယူဆောင်ခိုင်းသည့် ဇဝေလအား အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် လာဘ်မိုးဆွေ(၁)လမ်း အမှတ်(၃၆)၌
လည်းကောင်း၊ စိတ်ကြွဆေးပြား ၁၆၆၀၀၀၀ ပြားအား လက်ခံယူမည့် ကိုမျိုး(ခ)မျိုးသိုက်နှင့် ထွန်းထွန်းနိုင်(ခ) ထွန်းမောင်တို့ နှစ်ဦးအား မော်တော်ယာဉ်တစ်စီးနှင့်အတူ လှိုင်သာယာမြို့နယ် မွေးမြူရေးဇုန် ရွှေရင်အေးကျောင်း(၃) လမ်းပေါ်၌ လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့သဖြင့် စိုင်းခင်လှ(ခ)ခင်လှ ၂၈ နှစ်၊ ထွန်းကျင်(ခ) ထွန်းစိန် ၃၂ နှစ်၊ ခိုင်ကိုထွန်း(ခ)ခိုင်ကို ၂၀ နှစ်၊ ပန်းပန်း ၄၄ နှစ်၊ မင်းမင်း(ခ)အောင်အောင် ၃၉ နှစ်၊ ဇဝေလ ၄၇ နှစ်၊ ကိုမျိုး(ခ)မျိုးသိုက် ၄၀ နှစ်၊ ထွန်းထွန်းနိုင်(ခ) ထွန်းမောင် ၃၈ နှစ်တို့အား ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများသည် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီးဘုရားကြီးမြို့အထွက် ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘုရားကြီးမြို့ဘက်မှ ဝေါမြို့ဘက်သို့ နေအောင် မောင်းနှင်လာသည့် အဖြူရောင် ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေစစ်ဆေးရာ ကားခေါင်းနှင့်နောက်ဘော်ဒီကြားအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်လျက် စိတ်ကြွဆေးပြား ၉၇၅၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ၎င်းယာဉ်မောင်းကို စစ်ဆေးဖော်ထုတ်ချက်အရ ရဲဝင်းအောင်နှင့် ဖြိုးဝေအောင်တို့မှာ SUZUKI အမျိုးအစားမော်တော်ယာဉ်ဖြင့်မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးလမ်းပြယာဉ်အဖြစ် မောင်းနှင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသည်။
အဆိုပါ မော်တော်ယာဉ်ကို ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား၌ ဖမ်းဆီးရမိခဲ့သဖြင့် နေအောင် ၃၇ နှစ်၊ ရဲဝင်းအောင်
၂၇ နှစ်၊ ဖြိုးဝေအောင် ၂၃ နှစ်တို့ကို ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်မှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။