နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာများသို့ ရောက်ရှိပြီး တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် တိုက်ပတ်လည်ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးသည် တိုက်တာဝန်ခံများ၊ နေထိုင်သူ ဝန်ထမ်း မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဝန်ထမ်းအိမ်ရာများကို နိုင်ငံတော်မှ အဆင့် အတန်းမြင့်မြင့်နေထိုင်နိုင်ရန် ရည်ရွယ်၍
ဆောက်လုပ်ပေးထားခြင်းဖြစ်ကြောင်း၊ အမှိုက်စွန့်ပစ်ခြင်းနှင့် သန့်ရှင်းရေးကို စနစ်တကျ ဆောင်ရွက်သွားရန်၊ ရေမြောင်းများပိတ်ဆို့မှု မရှိစေဘဲ ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ရန်၊ မိုးရာသီတွင် ဖြစ်တတ်သည့်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ထားရန်၊ တိုက်ခြံစည်းရိုးများ၊ ကားဂိုဒေါင်များ သပ်ရပ်စွာဆောင်ရွက်ထားရန်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် နေထိုင်မှုစည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဉာသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်နှင့် ဘောဂသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်း/အမှုထမ်း ဝန်ထမ်းအိမ်ရာ/အဆောင်များ၌ တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ အိမ်ရာဝန်းကျင်သစ်ပင်များ အလင်းဖွင့်ဆောင်ရွက်နေမှု၊ ခြံစည်းရိုးများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု၊ တိုက်ပတ်လည် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ခြင်း ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အိမ်ရာတွင်နေထိုင်ကြသည့် ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။