နေပြည်တော်အတွင်း သန့်ရှင်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်ရှိ အမှတ်(၂၂) အခြေခံပညာ အထက်တန်းကျောင်း၌ သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်း စာကြည့်တိုက်၌ စာအုပ်စာစောင်များ ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များပေးအပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာ နေပြည်တော် ကောင်စီလမ်းဘေး ကွင်းအမှတ် (၁၆၃၆-က) လယ်မြေ ၇ ဧကတွင် စိုက်ပျိုးထားသည့် ထိုင်းနှံကောက် စပါးမျိုးနွေစပါးရိတ်သိမ်းနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ကင်မွန်းတန်း ကျေးရွာအုပ်စု ကြံဘိုကျေးရွာအနီးရှိ ကွင်းအမှတ်(၁၃၁၇) ၂၀၂၄-၂၀၂၅ ခုနှစ် မိုးနေကြာ မျိုးစေ့ထုတ် စံပြကွက် ၂၅ ဧက စိုက်ခင်းသို့ ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံကာ နေပြည်တော်၌ စပါးအပါအဝင် အဓိကသီးနှံ ၁၀ မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းလမ်းလေးရပ်ကို စနစ်တကျ လက်တွေ့လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် များသုံးစွဲခြင်း၊ မြေများကို စနစ်တကျ ပြုပြင်ခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တစ်နှစ်သုံး သီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး စေလိုကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ညီလက်ညီအားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်သူများက လက်ရှိစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး မိုးနေကြာမျိုးစေ့ထုတ် စံပြကွက် ၂၅ ဧက စိုက်ခင်း၌ မိုးနေကြာများ အောင်မြင်ဖြစ်ထွန်းနေမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ရွှေပြည်သစ် ဆန်စက်သို့ ရောက်ရှိပြီး တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဆွေး၊ သဘာဝမြေသြဇာများပြုလုပ်ခြင်း လက်တွေ့သရုပ်ပြမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဇောတိကရာမ မိုလ်းကောင်းကျောင်းတိုက် ရပ်ကွက်/ကျေးရွာ သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇောတိက၊ ဆရာစံရပ်ကွက်ရှိ ကျောင်းသစ်ကျောင်းတိုက် မြို့နယ်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တကုမာရ၊ အနော်ရထာရပ်ကွက်ရှိ မဟာဗောဓိပညာဒါန ကိုယ်ပိုင်အထက် တန်းကျောင်းဆရာတော် ဘဒ္ဒန္တဥဠုရာဇဗုဒ္ဓိ ဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်နေသည့် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းမီးပွိုင့်အနီးမှ ပင်လောင်းလမ်းဆုံအထိ လမ်းဘေးဝဲ/ယာ၌ နှစ်တို ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ ရေထွက်မြောင်းများ ဆောင်ရွက်နေမှုနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။