NATO တပ်ဖွဲ့က ရုရှားနှင့် ကန့်သတ်မျဉ်းကို ကျော်သွားပြီဟု သြစတြီးယားကာကွယ်ရေးဝန်ကြီးပြော

 

NATO တပ်ဖွဲ့က ရုရှားနှင့် ကန့်သတ်မျဉ်းကို ကျော်သွားပြီဟု သြစတြီးယားကာကွယ်ရေးဝန်ကြီးပြော

 

ယူကရိန်းနိုင်ငံကို ထောက်ပံ့မှုများပေးထားသည့် NATO တပ်ဖွဲ့သည် ရုရှားနှင့်ကန့်သတ်မျဉ်းကို ကျော်သွားပြီဖြစ်ကြောင်း သြစတြီးယားကာကွယ်ရေးဝန်ကြီးက ပြောသည်။

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်  NATO တပ်ဖွဲ့က ထောက်ပံ့ပေးထားသည့် လက်နက်များကို အသုံးပြုနိုင်ကြောင်း  အဆိုပါ စစ်မဟာမိတ်အဖွဲ့က ခွင့်ပြုပေးခြင်းအားဖြင့် နောက်ပြန်လှည့်မရနိုင်သည့် ကန့်သတ်မျဉ်းကို ကျော်သွားခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ကလော်ဒီယာတန်နာကပြောသည်။

NATO တပ်ဖွဲ့ဝင်နိုင်ငံအများအပြားသည်  ရုရှားနှင့်ပဋိပက္ခဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအား ၎င်းတို့၏ စစ်လက်နက်ပစ္စည်းများကို ပေါ်ပေါ်တင်တင်ထောက်ပံ့သည်သာမက ရုရှားကိုတိုက်ခိုက်ရေးအတွက် ၎င်းတို့၏ လက်နက်များကိုပါ အသုံးပြုရန် ပြီးခဲ့သည့်သီတင်းပတ်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အနောက်အုပ်စုက ထိုသို့ခွင့်ပြုပေးသည့်တိုင် ၎င်းတို့သည် ရုရှား-ယူကရိန်းပဋိပက္ခတွင် ပါဝင်ခြင်းမရှိဟု  ဆက်လက်ငြင်းဆိုထားကာ    စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်မှာ ရုရှားကို ဟန့်တားနိုင်စေရန် ဖြစ်ကြောင်း ပြောထားသည်။

အလားတူNATO တပ်ဖွဲ့အနေဖြင့် ယူကရိန်းသို့ စစ်သည်များကို စေလွှတ်သွားမည် မဟုတ်ကြောင်း ထိုတပ်ဖွဲ့မှ အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ကပြောသည်။

သို့သော် NATO တပ်ဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံ၏သမ္မတ  အမ်မန်နျူယယ်မက်ခရွန်က အနောက်အုပ်စုမှ စစ်ရေးနည်းပြ များကို ယူကရိန်းသို့စေလွှတ်နိုင်ရေးအတွက် နိုင်ငံတကာ သဘောတူညီချက်တစ်ခုကို အပြီးသတ်ရန် အသင့်ဖြစ်နေပြီဟု   ပြီးခဲ့သည့်သီတင်းပတ်အကုန်တွင် ပြောထားသည်။

အနောက်အုပ်စုမှစစ်သည်များသည် ကြေးစားစစ်သားများအဖြစ်  ယူကရိန်းဘက်မှ ပါဝင်စစ်ဆင်နေသည်မှာ အလွန်ကြာနေပြီဖြစ်ကြောင်း၊ ထိုအချက်ကိုလည်း ရုရှားနိုင်ငံကသိရှိထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။

နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများတွင် အသုံးပြုနေသည့် တာဝေးပစ်လက်နက်များကို   အနောက်အုပ်စုမှ စစ်သည်များက ထိန်းချုပ်နေခြင်း ဖြစ်ကြောင်းနှင့် အနောက်အုပ်စုက ယူကရိန်းသို့ ထောက်လှမ်းရေး သတင်းများလည်း ထောက်ပံ့ပေးနေကြောင်း ရုရှားသမ္မတကပြောထားသည်။

အနောက်အုပ်စုမှ ထောက်ပံ့ပေးထားသည့် တာဝေးပစ်လက်နက်များအသုံးပြု၍ ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုများသည် ပဋိပက္ခအတွင်း အနောက်အုပ်စု၏ တိုက်ရိုက်ပါဝင်မှု မြင့်တက်လာခြင်းကို ဖော်ညွှန်းနေခြင်း ဖြစ်သောကြောင့် ရုရှားနိုင်ငံဘက်က လက်တုံ့ပြန် တိုက်ခိုက်ခွင့်ရှိကြောင်း ရုရှားအစိုးရက   သတိပေးထားသည်ဟု  သိရသည်။

Ref: RT