ဝါစိုက်ပျိုးမှုတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း

 

ဝါစိုက်ပျိုးမှုတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း

 

မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍   ဝါသီးနှံအထွက်နှုန်း တိုးတက်ထွက်ရှိရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးမြင့်မားသည့် ချည်ထည်များထုတ်လုပ်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု၌ စိုက်ပျိုးဧက ၆၁၂၇၁၂ ဧကစိုက်ပျိုးထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ နှစ်စဉ်တိုးတက် စိုက်ပျိုးသွားမည်ဖြစ်ပေရာ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံဧက ပေါင်း ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တစ်ဧကအထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေးဆောင်ရွက် သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အစဉ်အဆက် ဝါစိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ဝါဂွမ်းကိုခေတ်မီနည်းစနစ်တကျ ထုတ်လုပ်နိုင်မှု အားနည်းခြင်းကြောင့် ပြည်ပသို့ တင်ပို့ရာတွင် ကုန်ကြမ်းအတိုင်း တင်ပို့နေရသည်။

ပြည်ပမှ ဝါထွက်ပစ္စည်းများနှင့် ချည်ထည်များကို နှစ်စဉ်တင်သွင်းနေရသည်။ ဝါစိုက်ပျိုးမှု လျော့နည်းလာခြင်းနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှု လျော့နည်းခဲ့သည်။ မြန်မာနိုင်ငံ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု မှာတစ်နှစ်ထက်တစ်နှစ် ထုတ်လုပ်မှု လျော့နည်းလာသည့်အတွက် နိုင်ငံတော်အစိုးရက ဝါသီးနှံစိုက်ပျိုးရေးကို ပိုမိုတိုးတက်အောင် အလေးထား ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ရာ စိုက်ပျိုးရေးထွက်ကုန် အမျိုးမျိုးဖြင့် နိုင်ငံ့ စီးပွားတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သောစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးကို ဦးတည်လျက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး၊ တစ်ဧက အထွက်နှုန်းမြင့်မားစွာ ရရှိစေရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်နေ သောအဝတ်အထည်နှင့် လူမှုအသုံးအဆောင်များအတွက် ကုန်ကြမ်းဖြစ်သော ဝါဂွမ်းများ ပြည်တွင်းတွင် ဖူလုံစွာ ထွက်ရှိနိုင်ရေးအပြင် ကုန်ချောများကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်မှုကို အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။

ဝါသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်းမိုးနည်းရေရှားဒေသကြီးများ ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊   မကွေးတိုင်းဒေသကြီးနှင့်   ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းတို့တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဝါချည်ဖြင့် ရက်လုပ်သော အထည်အလိပ်များသည်   နွေရာသီတွင် အေးကာ ဆောင်းရာသီတွင်နွေးပြီး ချည်ထည်တို့မှာ ကြာရှည်ခိုင်ခံ့ခြင်း၊ ဝတ်ဆင်ရာ၌သက်သောင့်သက်သာရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ငွေကြေးသင့်တင့်သောကြောင့် လူတန်းစား အလွှာမရွေး လက်လှမ်းမီသောအထည် အလိပ်ဖြစ်၍ အသုံးပြုသူ များပြားလျက်ရှိသည်။

ဝါဂွမ်းသည်  လူသုံးပစ္စည်း အမြောက်အမြား ပြုလုပ်ရန် အသုံးဝင်ရုံသာမက   ဝါစေ့များကိုလည်း ဆီကြိတ်၍ ဝါစေ့ဆီထုတ်ယူနိုင်သည်။ ဆီကြိတ်၍ ကျန်ရှိသော ဝါစေ့ဖတ်နှင့် ဝါစေ့ခွံတို့သည်လည်း လူသုံး ပစ္စည်းအဖြစ် အသုံးပြုကြသည်။ အရည်အသွေးကောင်း ဝါပိဿာ ၁၀၀ အားစွမ်းအားပြည့်ဝါကြိတ်စက်၊ ဝါစေ့ဆီသန့်စက်တို့ဖြင့် ကြိတ်ခွဲထုတ်လုပ်ခြင်းဖြင့် ဝါဂွမ်း ၃၆ ပိဿာ၊ လင်တာဂွမ်း လေးပိဿာ၊  ဝါစေ့ဆီသန့် ၅ ဒသမ ၂၅ ပိဿာ၊ ဝါစေ့ဆီချေး ၁ ဒသမ ၇၅ ပိဿာနှင့် ဝါစေ့ကြိတ်ဖတ် ၅၃ ပိဿာတို့ကို ရရှိမည် ဖြစ်သည်။ ထွက်ရှိလာသည့် အဆိုပါ ထုတ်ကုန်များ အားလုံးသည် ဈေးကွက်ဝယ်လိုအားရှိသော ကုန်စည်များ ဖြစ်သည်။

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကိုမြှင့်တင်ပြီး ပြည်ပပို့ကုန်ပိုမိုတင်ပို့ရေး၊ သွင်းကုန်အစားထိုး ထုတ်လုပ်ရေးတို့ကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ ဝါသီးနှံတိုးချဲ့ စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ် ရရှိစေရေးအတွက် အရည်အသွေးကောင်းဝါမျိုးများ အသုံးပြု နိုင်ရေး၊ မျိုးစေ့ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သီးနှံအရည်အသွေးနှင့်အထွက်နှုန်းတိုးတက် ကောင်းမွန်ရေးနှင့် ဝါသီးနှံ၏ဈေးကွက် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက်ဌာနများမှပေါင်းစပ် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် ဧရိယာများအား နှစ်အလိုက် တိုးမြှင့်စိုက်ပျိုးကြရမည် ဖြစ်သည့်အလျောက် ဝါစိုက်ပျိုးသူတောင်သူများ အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

ထို့ပြင်ဝါစိုက်တောင်သူများအတွက် ချည်မျှင်ရှည်ဝါမျိုးကောင်းမျိုးသန့်များ နှစ်စဉ်ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် သုတေသန လုပ်ငန်းများ၊ နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဝါမျိုး များ စုဆောင်းထိန်းသိမ်းခြင်း၊ ဝါမျိုးများ မွေးမြူရွေးချယ်ခြင်း လုပ်ငန်းများ၊ ဝါမျိုးကောင်းမျိုးသန့်များကို မျိုးသန့်အဆင့်အလိုက် မျိုးသန့်ပွားများခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၏ ဝါသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံများတွင် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပန်းတိုင်ဝါစိုက်ဧက ရောက်ရှိရေး၊ ပြည်တွင်းချည်သုံးစွဲမှု ဖူလုံရေး၊ ပိုလျှံဝါဂွမ်းများမှ ပို့ကုန်ဝင်ငွေရရှိရေး၊ ဝါစေ့ဆီသန့်များဖြင့် ပြည်ပစားအုန်းဆီတင်သွင်းမှု အစားထိုးလျှော့ချရေး စသည့်ကွင်းဆက် လုပ်ငန်း တစ်လျှောက်လုံး အောင်မြင်ရေး    ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။   အနှစ်ချုပ်ဆိုရသော် ကွင်းဆက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။