ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေမှုနှင့် ပတ်သက်၍ သာကေတမြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် ကွင်းဆင်းကြီးကြပ်
ရန်ကုန် ဇူလိုင် ၁၄
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သာကေတ မြို့နယ်အတွင်း လက်ရှိဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုအခြေအနေ၊ အချိန်နှင့်တစ်ပြေးညီသတင်းအချက်အလက် ရရှိရေး၊ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ထပ်မံတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သည်များ၊ သာကေတမြို့နယ်အတွင်း သောက်ရေ၊ သုံးရေရရှိရန်ဆောင်ရွက်နေမှု၊ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် လိုအပ်သည့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ပြည်သူလူထုအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးတို့ကို အလေးထား လုပ်ဆောင်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ် အနော်မာ(၂)ရပ်ကွက်တွင် ရေကောင်းရေသန့် ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အတူ ဗဟို၊ တိုင်းဒေသကြီးနှင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့များသည် မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်သို့ ကွင်းဆင်းကြီးကြပ်ရာ အဆိုပါရပ်ကွက်ရှိ နေအိမ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရပ်ကွက်အတွင်း သောက်သုံးရေရရှိသုံးစွဲနေမှု အခြေအနေတို့နှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။