နိုင်ငံတော်အတွက် အလှဆုံးမြင်ကွင်းများ

နိုင်ငံတော်အတွက် အလှဆုံးမြင်ကွင်းများ

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၅ ရက်)

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို  နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး ဇွန်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။  ကျောင်းများ စတင်ဖွင့်လှစ်သည့်   ဇွန်လ ၃ ရက်နေ့တွင်  ကျောင်းသား၊   ကျောင်းသူစုစုပေါင်း ၆၅၃၆၇၁၃  ဦးကျောင်း အပ်နှံကြပြီး  စတင်ပညာသင်ကြားလျက်ရှိသည်။ စာသင်ကျောင်းများတွင် သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်လျက် ရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ် ပေးထားပြီး KG နှင့်မူလတန်းကျောင်းသား၊  ကျောင်းသူများကို   ကျောင်းဝတ်စုံများလည်း အခမဲ့ပေး အပ်လျက်ရှိသည်။  စာသင်ကျောင်းများအားလုံးကို စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများနေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများသန့်ရှင်းသာယာလှပရေးနှင့် ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ပြီးဖြစ်သည်။

ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာ အခြေပြုပြည်သူလူထု လုံခြုံရေးအဖွဲ့များပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိသည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်ရန် နောက်ကျနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ် လက်ခံပေး လျက်ရှိသည်။ ကျောင်းအပ်နှံခြင်း မရှိသေးသည့် ကျောင်းသားမိဘ၊ အုပ်ထိန်းသူများအနေဖြင့်လည်း အမြန်လာအပ်ရန် ဖြစ်သည်။

ပညာသင်ကြားရမည့်အရွယ်တွင် ပညာသင်ကြားပေးခြင်းနှင့် ပညာသင်ကြားခွင့် ရရှိခြင်းမှာ ကလေး များ၏ အနာဂတ်ကို အလှဆင်လိုက်ခြင်း ဖြစ်သည်။ ငယ်စဉ်အခါပညာရှာရန်အတွက် ကျောင်းများသည် ကျောင်းသား၊ ကျောင်းသူများအတွက် အောင်မြေအမှန်ဖြစ်သည်။ စာသင်ကျောင်းသို့ရောက်ရှိခြင်းမှာ စာမေးပွဲအောင်မြင်ရန် ရည်ရွယ်ချက် တစ်မျိုးတည်းမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့်  စာကိုလေ့လာသင်ယူနိုင်ရန်  ရောက်ရှိလာကြခြင်း ဖြစ်သည်။ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်အလိုက် သင်ယူသူ တို့၏ဝါသနာ၊ စိတ်ဝင်စားမှု၊ စွမ်းဆောင်ရည်တို့အရ ကြိုးစားအားထုတ်သင်ယူကြခြင်းဖြင့် အနာဂတ် နိုင်ငံတော် အတွက် ဗလငါးတန်နှင့်ပြည့်ဝသော နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာမည် ဖြစ်သည်။

ကျောင်းဟူသောဝေါဟာရသည် ထိန်းကျောင်းခြင်းမှ ရယူထားခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ များကိုအနာဂတ်တွင် မိမိကိုယ်ကိုထိန်းကျောင်းတတ်စေရန်၊ အမှားအမှန်ကိုကွဲပြားသိစေရန် အသိဉာဏ် ပညာပြည့်စုံအောင် သင်ကြားပေးသည့်နေရာဖြစ်သည်။ ယဉ်ကျေးလိမ္မာစေရန်၊ ဉာဏ်ပညာမြင့်မားလာ စေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာ အရေးပါလှသည်။  ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသည့်အတိုင်း  ဆရာကောင်းလျှင်ကောင်း သည့်အလျောက် နိုင်ငံတော်ကိုအကျိုးပြုသည့် လူငယ်မောင်မယ်များ ပေါ်ထွန်းလာမည်ဖြစ်သည်။

ဆရာ၊  ဆရာမများသည်  မိမိတို့တတ်ကျွမ်းသည့်ပညာများဖြင့်  တပည့်များကို လူတော်လူကောင်းများ ဖြစ်လာစေရန်  စာကိုလည်းသင်၊  စိတ်ကိုလည်းပြုပြင် ပေးကြရမည်ဖြစ်သည်။  နေ့စဉ်ဆုံးမ သင်ကြား ပေးသကဲ့သို့ ခေတ်ကာလနှင့် လိုက်လျောညီထွေသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံ့သား ကောင်းများဖြစ်လာစေရန် လေ့ကျင့်သင်ကြား ပေးကြရမည်ဖြစ်သည်။ ဆရာ၊ ဆရာမများ၏ သင်ကြား ပို့ချမှုများသည် ကျောင်းသား၊  ကျောင်းသူများအတွက် တန်ဖိုးမဖြတ်နိုင်သော ပညာအမွေ အနှစ်များ ဖြစ်သည်။  စာသင်ကျောင်းများသည် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ထက်မြက်သူများ၊ မြင့်မြတ်သော အကျင့်စာရိတ္တတို့နှင့် ပြည့်စုံသူများဖြစ်လာအောင် သင်ကြားပေး နိုင်သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေပညာ၊ အထွေထွေဗဟုသုတ၊ အကျင့်စာရိတ္တ စသည်တို့ တွင်ပြည့်စုံနေရမည်ဖြစ်သလို အထူးအရေးကြီးဆုံး အချက်တစ်ချက်မှာ မိမိနိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုး တတ်သည့်စိတ်ဓာတ်များ ကိန်းအောင်းနေရမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းများ အားလုံးတွင် နေ့စဉ်နေ့တိုင်း နိုင်ငံတော်အလံကိုအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတို့မှာ နိုင်ငံတော်အတွက် အလှဆုံးမြင်ကွင်းများဖြစ်သည်။  နိုင်ငံတော်သီချင်းတွင်   “ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။ တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ-တို့တစ်တွေ ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ- အဖိုးတန်မြေ” ဟုဆို သည့်အတိုင်း မြန်မာနိုင်ငံသည် ဘိုးဘွားအမွေအနှစ် အဖိုးတန်မြေဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  ကျောင်းသား၊ ကျောင်းသူများ၏ တက်ကြွရွှင်လန်းသော ခြေလှမ်းများဖြင့် ကျောင်းတက်နေပုံများ၊  ကျောင်းမတက်မီ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းများ၊ စာသင်ခန်း အသီးသီးတွင် စိတ်ပါဝင်စားစွာ စာပေသင်ကြားနေခြင်းများမှာ နိုင်ငံတော်အတွက် အလှဆုံးမြင်ကွင်းများ ဖြစ်ပါကြောင်း။      ။

၄-၆-၂၀၂၄ သတင်းစာ

Dates: 
Monday, July 15, 2024 - 06:42