အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပစ်ခတ်လုပ်ကြံရန် ကြိုးပမ်းခံရမှုမှ သီသီလေးလွတ်မြောက်
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းနေသည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် သေနတ်သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံရန်ကြိုးပမ်းခံရမှုမှ သီသီလေး လွတ်မြောက်သွားကြောင်း သိရသည်။
ထရမ့်သည် ဇူလိုင်လ ၁၃ ရက်ညနေပိုင်းတွင် ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့၌ လူထုစည်းရုံးရေးပွဲ တစ်ခုအတွင်း မိန့်ခွန်းပြောနေစဉ် သေနတ်သမားကလုပ်ကြံရန်ကြိုးပမ်းခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ထရမ့်သည် ညာဘက်နားရွက်ကျည်ဆန် ရှပ်မှန်ဒဏ်ရာရရှိကာ ၎င်း၏နောက်တွင်ရှိနေသည့် ပွဲတက်လာသူ တစ်ဦးသေဆုံးပြီး အခြားနှစ်ဦးပြင်းထန်ဒဏ်ရာရရှိသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့က ထရမ့်ကိုဘေးကင်းရာသို့ ခေါ်ဆောင်သွားနိုင်ကြောင်းနှင့် နောက်ပိုင်းတွင် ထရမ့်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်စရာမရှိကြောင် းထုတ်ပြန်လာသည်။
ပစ်ခတ်မှုကိုလုပ်ဆောင်သူသည် ထရမ့်မိန့်ခွန်း ပြောရာစင်မြင့်မှ မီတာ ၁၄၀ အကွာရှိအဆောက်အအုံတစ်လုံး၏ ခေါင်မိုးပေါ်မှ ပစ်ခတ်ခြင်းဖြစ်ပြီး အဆိုပါပစ်မှု ကျူးလွန်သူကို လုံခြုံရေးတပ်ဖွဲ့က နေရာတွင်ပင် အသေပစ်ခတ် ဖမ်းဆီးလိုက်နိုင်သည်။
ထို့ပြင် AR-15 ပုံစံရိုင်ဖယ်သေနတ် တစ်လက်ကိုလည်း ပစ်မှုကျူးလွန်သူ အလောင်းနံဘေးမှ သိမ်းဆည်းရမိသည်ဟု လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါပစ်ခတ်မှုကို လုပ်ဆောင်သူသည် အသက် ၂၀ သာရှိသေးသည့် သောမတ် မက်သရူးခရွတ်ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် ထရမ့်၏ရီပတ်ဘလစ်ကန်ပါတီ ထောက်ခံသူဖြစ်သည်ကို ပြည်နယ်မဲဆန္ဒင် မှတ်တမ်းများအရ သိရကြောင်း FBI က ဇူလိုင်လ ၁၄ ရက်နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ယခုထရမ့်ဖြစ်စဉ်သည် ၁၉၈၁ ခုနှစ်တွင် ရီပတ်ဘလစ်ကန်ပါတီမှ အမေရိကန်သမ္မတ ရော်နယ်ရေဂင်အနေဖြင့် လုပ်ကြံရန် ကြိုးပမ်းခံရပြီးနောက် သမ္မတတစ်ဦး သို့မဟုတ် အရေးပါသည့်သမ္မတ ကိုယ်စားလှယ်လောင်းတစ်ဦးကို ပထမဆုံးအကြိမ် လုပ်ကြံရန် ကြိုးပမ်းခံရမှုဖြစ်စဉ်ဖြစ်သည်။
ထို့ပြင် ယခုဖြစ်စဉ်က ထရမ့်ကိုဘဝတစ်သက်တာ လုံးပေးနေရသည့် လျှို့ဝှက်လုံခြုံရေးအဖွဲ့၏ လုံခြုံရေးကျိုးပေါက်မှု အပေါ် မေးခွန်းများ ထွက်ပေါ်လာစေပြီး ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း FBI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထရမ့်အနေဖြင့် လုပ်ကြံရန်ကြိုးပမ်းခံရသည့်ဖြစ်စဉ်အပေါ် လက်ရှိသမ္မတဂျိုးဘိုင်ဒင်၊ သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် အခြားကမ္ဘာ့ခေါင်းဆောင်များက အပြစ်တင်ရှုတ်ချထားသည်။
ထရမ့်နှင့်ဂျိုးဘိုင်ဒင်တို့သည် နိုဝင်ဘာလ ၅ ရက်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေကြစဉ် ယခုဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲတွင် ထရမ့်သာ အနိုင်ရလာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများကပြောသည်။
ထရမ့်သည် ယခုဖြစ်စဉ်မှဒဏ်ရာရရှိထားသော်လည်း ရွေးကောက်ပွဲအတွက် ပါတီကတရားဝင်အမည်စာရင်းတင်သွင်းမည့် ရီပတ်ဘလစ်ကန် အမျိုးသား ညီလာခံသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။