ဇမ္ဗူသီရိမြို့နယ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းများ ဆောင်ရွက်နေမှု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

 

ဇမ္ဗူသီရိမြို့နယ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းများ ဆောင်ရွက်နေမှု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇူလိုင်

    နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်း၊ ရွှေကြာပင်၊ သာယာကုန်း စသည့် လူနေရပ်ကွက်များနှင့် သပြေကုန်းစျေးသို့ နေ့စဉ်ရေဂါလန် ကိုးသိန်း ဖြန့်ဖြူးပေးဝေလျက်ရှိသည့် ရွှေကြာပင်ရေသန့်စင်စက်ရုံ (ဗေဗေ့မောင်)တို့သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မြို့ရေပေးရေး ဆောင်ရွက်ရာတွင် ပြည်သူများအတွက် ကျန်းမာသန့်ရှင်း၍ ကောင်းမွန်သော ရေပေးဝေရေးစနစ် ဖြစ်စေရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် ရေအရည်အသွေး စစ်ဆေးစမ်းသပ်မှုများကို အမြဲမပြတ်ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေး၌ သုခတော်ဝင်အိမ်ရာအပိုင်း(၂) ထပ်မံအကောင်အထည်ဖော် တည်ဆောက်ရန် အတွက် တင်ဒါကုမ္ပဏီများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ဉာဏသိဒ္ဓိရပ်ကွက်၌ အသစ်ဆောက်လုပ်မည့် အမှုထမ်းအိမ်ရာနှင့် ဘောဂသိဒ္ဓိရပ်ကွက်၌ အသစ်ဆောက်လုပ်မည့် လူပျို/အပျိုဆောင်များ တိုးချဲ့တည်ဆောက်မည့် မြေနေရာကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို တစ်ပြိုင်တည်း စတင်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ အဆောက်အအုံများ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးနှင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် မူလမြို့ပြ Master Plan  နှင့် ကိုက်ညီအောင် နေရာချထား ဆောက်လုပ်ရန် မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် အဖွဲ့သည် ရန်အောင်မြင် ရေတင်လိုင်းမှ ဟိုတယ်ဇုန်သို့ တိုက်ရိုက်ရေပေးပို့နိုင်မည့် 10" Ø HDPE PN(10) ပေ ၄၇၆၀ သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့ပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အခွန်ဘဏ္ဍာ တိုးတက်ကောက်ခံရရှိရေး၊ လယ်ယာမြေများ စနစ်တကျစီမံခန့်ခွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့  တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသူများက  လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊  အခွန်ဘဏ္ဍာ တိုးတက်ကောက်ခံရရှိရေးနှင့် လယ်ယာမြေများ စနစ်တကျစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ခေတ္တအမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်  ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

Dates: 
Tuesday, July 16, 2024 - 11:31