ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်(Yangon Regio-nal Tourism Development Forum) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့က “ရွှေလက်ကမ်း၍ ကြိုလျက်ပါ”သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်း ဒေသကြီး၏ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျှော်မှန်း၍ လက်တွေ့ကျပြီး စနစ်တကျဆောင်ရွက်နိုင်သည့် အစီအမံများကို တက်ရောက်လာကြသူများ အားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့(DMO)များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့(DMO)များ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များ ပါဝင်သည့် အဖွဲ့ငါးဖွဲ့ခွဲ၍ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးဆောင်ရွက်မည့် အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေနိုင်မည့် စီမံချက် (Yangon Regional Tourism Development Plan)ကို ရေးဆွဲနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့က “သွေးချင်းတို့ရဲ့မြေ”သီချင်းဖြင့် ကပြဖျော်ဖြေသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ယိမ်းအဖွဲ့နှင့်ဖိုရမ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသူများကို ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ဖိုရမ်ကို ဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO)များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းများ ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး အဖွဲ့ငါးဖွဲ့ခွဲကာ အပြန်အလှန်မေးမြန်း ဆွေးနွေးခြင်း၊ ဆွေးနွေးပွဲရလဒ်များကို သုံးသပ်တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။