ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့၊ ဓနုဖြူမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတမြို့နှင့် ပုသိမ်မြို့တို့ရှိ ဌာနအဖွဲ့ အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ကမ်းပါး ရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယမန်နှစ်ကစပြီး ၃ နှစ်စီမံချက်ချမှတ်၍ အကောင်အထည်ဖော်ပြီးစီးမှု၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးက ရေဘေးကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့ ခံတပ်ဟောင်းနေရာ အနီး၌ ဧရာဝတီမြစ်ရေ မြင့်တက်လာသည့် အခြေအနေ၊ ဆောင်ရွက်ထားရှိသည့် ကာကွယ်ရေး လုပ်ငန်းများနှင့် ဇလွန်မြို့နယ် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုများကာကွယ်ရန် မြေထိန်းနံရံ တည်ဆောက်နေသည့် လုပ်ငန်းများသို့ ရောက်ရှိစစ်ဆေးပြီး တည်ဆောက်ထားပြီးသည့် တာပေါင်များ၏ အခြေအနေကို မျက်ခြည်မပြတ်ကြည့်ရှု စစ်ဆေး၍ ဦးစားပေးအပိုင်းလိုက် လိုအပ်သည်များကြိုတင်စီမံ ဆောင်ရွက်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာ အုပ်စုအတွင်း ဧရာဝတီမြစ်ရေကြောင်း ပြောင်းလဲမှုကြောင့် ရေတိုက်စားကမ်းပြို၍ ကျေးရွာနှင့် လယ်ယာမြေများ နှစ်စဉ်ဆုံးရှုံးမှု ဖြစ်ပွားသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဟင်္သာတခရိုင်နှင့်မြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရေစီးကြောင်း ပြောင်းလဲမှုကြောင့် ကမ်းပါးများ ထပ်မံပြိုကျ ဆုံးရှုံးမှုမရှိအောင် ကာကွယ်နိုင်မည့် အကောင်းဆုံး နည်းလမ်းများ ဖော်ထုတ်စီမံဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးစွာဆွေးနွေး မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတဘူတာမှ ခမောက်စု ဘူတာထိ RBE ရထားတွဲဖြင့် လိုက်ပါစီးနင်းကာ လမ်းပိုင်းအခြေအနေ၊ ရထားတံတားများနှင့် ဘူတာများ၏ အခြေအနေတို့ကို စစ်ဆေး၍ ခမောက်စုဘူတာမှ တစ်ဆင့် လေးမျက်နှာမြို့ ဧရာဝတီမြစ်ကမ်းအနီး သမိုင်းဝင် စတုမုခထူပါရုံ စေတီတော်မြတ်ကြီး ငဝန်မြစ်ရေ တိုက်စားမှုကြောင့် မြေပြိုပျက်စီးမှုပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းခွင်သို့ ရောက်ရှိကာ ယမန်နှစ်က ဆောင်ရွက်ပြီးစီး မှုအခြေအနေနှင့် ယခုနှစ်ဆောင်ရွက်နေဆဲ လုပ်ငန်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်မြတ်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ရှေးမူမပျက်ပြင်ဆင် ထိန်းသိမ်းရေးအတွက် လိုအပ်ချက်များကို ကြိုးပမ်းဆောင်ရွက်နိုင်ရေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခမောက်စုဘူတာမှ ပုသိမ်ဘူတာအထိ ျွနြ ရထားဖြင့် ဆက်လက်စီးနင်းလိုက်ပါ၍ ရထားလမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်ရေး၊ ရထားလမ်းပိုင်း ကြံ့ခိုင်ရေးနှင့် ရထားအမြန်နှုန်း ပိုမိုမြှင့်တင်နိုင်ရေး လိုအပ်ချက်များ မှာကြားသည်။
ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင်လည်း ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့ ကမ်းနားလမ်းသို့ရောက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကမ်းနဖူးသာယာလှပရေးနှင့် ပြည်သူလူထု အနားယူအပန်းဖြေနိုင်ရေး လုပ်ငန်းအခြေ အနေများကိုကြည့်ရှုကာ သန့်ရှင်းမှုကောင်းမွန် စေရေး၊ ကမ်းနဖူး၏ အလှအပနှင့်လိုက်ဖက် ညီအောင် ဆိပ်ကမ်း တံတားများကိုလည်း လိုအပ်သလို မွမ်းမံပြင်ဆင်ရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ဧရာရွှေဝါခန်းမဆောင်တွင် ပုသိမ်မြို့၌ တာဝန်ထမ်းဆောင်လျက် ရှိကြသော ဝန်ကြီးဌာနလက်အောက် ဌာနအဖွဲ့အစည်းများမှ တာဝန်ခံအရာရှိများ၊ ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာလက်ဆောင်များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၁၆-၂၀၁၇ ခုနှစ်ကာလ ကတည်းက ရပ်ဆိုင်းထားခဲ့သည့် ဘဲဂရက်-အိမ်မဲ-လှိုင်သာယာ စီမံကိန်းလမ်းပိုင်း တစ်လျှောက်ရှိ ဘူတာများ၏ အခြေအနေများ၊ တံတားများ၏ အခြေအနေများ၊ သံလမ်းခင်းရန် ကျန်ရှိနေသည့် တာပေါင်နေရာများကိုကြည့်ရှုစစ်ဆေးပြီး ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များ ချွတ်ယွင်းပျက်စီးနေမှုကို မွမ်းမံထိန်းသိမ်းရေး၊ အစောင့်ဝန်ထမ်းများ ထားရှိရေး၊ ဆောက်လုပ်ပြီးစီးသည့် ရထားလမ်းများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အတွက် စီမံဆောင်ရွက်သွားရန် လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။