သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင် လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ နယ်စပ် ကုန်သွယ် ရေးရုံးနှင့်စခန်းများ၊ အမြဲတမ်း စစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်း ဆိပ်ကမ်း များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်း အချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း သိရှိရသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း သတင်းရရှိမှု (၇၉)ကြိမ်ရရှိခဲ့ပြီး၊ သတင်းမှား(၇)ကြိမ်၊ နောက်ကျသတင်း(၁)ကြိမ်နှင့် ဖမ်းဆီးရမိမှု (၇၁)ကြိမ်ဖြစ်ပါ သည်။ ဖမ်းဆီးရမိမှု အမှုတွဲ(၁၀၇)မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း (၆၆)မျိုး အပါအဝင်ခန့်မှန်းတန်ဖိုးကျပ် (၄၂၈၀.၅၄၄)သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၄ ခုနှစ် မေလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် (၄၂၈၀.၅၄၄) သန်း၏ ၂၀% ဖြစ်သော ကျပ်(၈၅၆ ဒသမ ၁၀၉)သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သတင်းပေးဆုကြေး အဖြစ် ကျပ်(၁၁၆၈ ဒသမ ၄၈၈)သန်းအား ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မေလအထိ သတင်းပေးဆုကြေးအဖြစ် ကျပ်(၃၈၀ ဒသမ ၉၆၈)သန်းကိုလည်း ဌာနဆိုင်ရာ တာဝန် ရှိသူများမှ မြန်မြန် ဆန်ဆန်ချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍လည်း လစဉ်သတင်း ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ် - ၀၆၇-၄၀၉၈၈၃ နဲ့ အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)