တောင်ကိုရီးယားက အမေရိကန်နှင့် ပူးပေါင်း၍ နျူကလီးယား စစ်ဆင်ရေး ဇာတ်တိုက်လေ့ကျင့်မည်
တောင်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံနှင့် ပူးပေါင်း၍ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားစစ်ဆင်ရေး ဇာတ်တိုက်လေ့ကျင့်မည် ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုတွင် နျူကလီးယားတပ်ဖွဲ့ စီမံခန့်ခွဲမှုကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှု လုပ်ခြင်းသည် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း၍ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား အဟန့်အတားနှင့် နျူကလီးယားစစ်ဆင်ရေးများ အတွက် လမ်းညွှန်ချက်များကို ထိရောက်မှုရှိစွာ အကောင်အထည်ဖော်နိုင်ရေးဖြစ်သည်။
ထိုလမ်းညွှန်ချက်များကို တောင်ကိုရီးယားနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံ၌ လုပ်ဆောင်သည့် NATO တပ်ဖွဲ့ ထိပ်သီးညီလာခံ ဘေးပန်းတွေ့ဆုံမှုတွင် လက်မှတ်ထိုးလိုက်ခြင်းဖြစ်သည်။
ထို့ပြင် နောက်ထပ်လိုအပ်သော လေ့ကျင့်မှုများကိုလည်း နှစ်နိုင်ငံကြား နှစ်စဉ်ကျင်းပမြဲဖြစ်သော စစ်ရေးလေ့ကျင့်ခန်းများတွင် ထည့်သွင်း လေ့ကျင့်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အလားတူ တောင်ကိုရီးယား နိုင်ငံတော် လုံခြုံရေးရုံး ဥက္ကဋ္ဌက ကြီးမှူးဆောင်ရွက်သည့် အစည်းအဝေးတွင် ပါဝင်တက်ရောက်သည့် တာဝန်ရှိသူများက နျူကလီးယား အင်အား၊ စွမ်းအင်၊ ကာကွယ်ရေးစက်မှုလုပ်ငန်း အပါအဝင် အခြားသောနယ်ပယ်များ၌ NATO အဖွဲ့ဝင်နိုင်ငံများနှင့် ရရှိထားသည့် သဘောတူညီချက်များကို ချက်ချင်း အကောင်အထည်ဖော်ရန် သဘောတူကြကြောင်း သိရသည်။