သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြုပြင်ပေး
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်)
မျက်မှောက်ကမ္ဘာတွင် ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကမ္ဘာတစ်ဝန်းရှိ လူသားများသိရှိနိုင်စေရန် မီးမောင်းထိုးပြပေးသည့်အနေဖြင့် နှစ်စဉ် ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ကျင်းပလေ့ရှိသည်။ နှစ်စဉ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်များကို သတ်မှတ်လျက်ရှိရာ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေးမြေယာပြုပြင်ပေး” ဟူ၍ဖြစ်သည်။ မြေယာပျက်စီးမှု၊ သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုဟူသော ပြဿနာသုံးခုမှာ တစ်ခုနှင့်တစ်ခုဆက်စပ်လျက်ရှိသည်။ မိုးခေါင် ရေရှားဖြစ်လျှင် မြေယာများ ပျက်စီးမည်။ မြေယာများပျက်စီးမှု များပြားလာလျှင် သဲကန္တာရဖြစ်ထွန်း လာမည် ဖြစ်သည်။
သဲကန္တာရဖြစ်ထွန်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာထင်ရှားသည့် ပတ်ဝန်းကျင် ပြဿနာတစ်ရပ်ဖြစ်သည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် နှစ်စဉ်မြေဟတ်တာ ၁၂ သန်းခန့်မှာ သဲကန္တာရဖြစ်ထွန်းမှုကြောင့် စိုက်ပျိုးမရ သည့် မြေများအဖြစ် ပြောင်းလဲဖြစ်ပေါ်စေခဲ့သည်။ ယင်းအကျယ်အဝန်းမှာ တောင်အာဖရိက နိုင်ငံ အကျယ် အဝန်း၏ ဆယ်ပုံတစ်ပုံစာရှိကြောင်း သိရသည်။ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးအတွက် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂ သဲကန္တာရနှင့် သဲကန္တာရ တိုက်ဖျက်ရေးဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂ ဂေဟစနစ် ပြန်လည်တည်ထောင်ရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားရှိသည်။
မြေယာပျက်စီးမှု၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုဟူသော အခက်အခဲများ ပပျောက်စေလိုပါ ကသစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ရေသုံးစွဲမှုချွေတာခြင်း၊ ရေသယံဇာတများ ထိန်းသိမ်းခြင်းကို မဖြစ်မနေလုပ်ဆောင်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွင် သဘာဝကြောင့်ဖြစ်ရခြင်းသည် ၁၀ ရာခိုင်နှုန်းခန့်သာဖြစ်သည်။ လူသားတို့၏ ပယောဂ ကြောင့်ဖြစ်ရခြင်းမှာ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ ယခုအခါ ကမ္ဘာ့မြေဆီလွှာ၏ သုံးပုံတစ်ပုံမှာ လူသားတို့၏ လုပ်ဆောင်မှုကြောင့် ပျက်စီးနေကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UNEP) ၏ အချက်အလက်တစ်ခုတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံသည်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မြန်မာ နိုင်ငံတွင် သဲကန္တာရဖြစ်နိုင်ခြေရှိသော အပူပိုင်းဒေသများတွင် သစ်တောစိုက်ခင်းများ တည်ထောင် စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များပြုစုထိန်းသိမ်းကာကွယ်ခြင်း၊ ပြည်သူလူထုသို့ အသိပညာပေးခြင်း နှင့်ပူးပေါင်း ပါဝင်စေခြင်းလုပ်ငန်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနကဦးစီး ဆောင်ရွက်လျက်ရှိသည်။ သစ်တောဦးစီးဌာနနှင့် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ခရိုင် ၁၃ ခုတွင် သစ်တော စိုက်ခင်းဧက လေးသိန်းကျော် စိုက်ပျိုးတည်ထောင်ခြင်း၊ သဘာဝတောဧက ၂ ဒသမ ၂၅ သန်းကို ကာကွယ်ထိန်းသိမ်းခြင်း၊ ထင်းအစားအခြားလောင်စာ တိုးမြှင့်အသုံးချရေးနှင့် ရေရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ ၂၀၃၀ ကုလသမဂ္ဂ အစီအစဉ်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းပါလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သဲကန္တာရဖြစ်ပေါ်မှု တိုက်ဖျက်ရေးအတွက် မြေယာ ပြန် လည်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် မိသားစုတစ်စုချင်းအနေဖြင့် မိမိတို့နေအိမ်တွင် ရေများကိုချွေတာသုံးစွဲခြင်း၊ မိုးရေကိုစနစ်တကျ စုဆောင်းအသုံးပြုခြင်းများ အပါ အဝင်ရေကို စနစ်တကျစီမံခန့်ခွဲခြင်း၊ အပူဒဏ်လျှော့ချရေးအတွက် ဒေသမျိုးရင်းအပင်များနှင့် ကြီးမြန် သစ်ပင်များကို စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေတွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ မိမိတို့လယ်ယာမြေ အစပ်ဧရိယာ တစ်လျှောက်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်းနှင့် အိမ်ခြံဝင်း အတွင်း တစ်နိုင်တစ်ပိုင် သီးပင်စားပင်မျိုးစုံ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
သဲကန္တာရဖြစ်ထွန်းမှုကို ဦးတည်စေသည့်အချက်များမှာ သစ်ကြီးဝါးကြီး ပေါက်ရောက်မှုနည်းပါးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ အခါမဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် အပေါ်ယံမြေဆီလွှာ ဆုံးရှုံးမှုများ နှင့်အတူ အပင်များသဘာဝ မျိုးဆက်ရန်ခက်ခဲခြင်း စသည့် အခြေအနေများဖြစ်သည်။ ပူပြင်းခြောက် သွေ့ခြင်းနှင့် ရေအရင်းအမြစ်များ ဆုံးရှုံးခြင်းကြောင့် စားရေရိက္ခာထုတ်လုပ်နိုင်မှုကို လျော့နည်းလာ စေပြီး အဆိုပါ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို လျော့နည်းစေသည်။ သဲကန္တာရ ဖြစ်ထွန်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ပြဿနာတစ်ရပ်ဖြစ်ကြောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်မှစပြီး သတိပြုမိလာကြသည်။ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှကြီးမှူး၍ ပထမဆုံးအကြိမ် လူသားနှင့် ပတ်ဝန်းကျင်ညီလာခံကို ကျင်းပခဲ့ပြီး အဆိုပါညီလာခံကျင်းပခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးဟူသည့် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။