မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ
နေပြည်တော် ဇွန် ၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန်လ၅ ရက် နံနက် ၁၀ နာရီခွဲတွင် ကျိုင်းတုံမြို့နယ် ယန်းခကျေးရွာအုပ်စု ယန်းခကျေးရွာအနီးတွင် မောင်အေး မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန်လ ၄ ရက် ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ဖန်မင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အားလောင်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ် ဖန်မင် ကျေးရွာအုပ်စု ကော့မကိန်ကျေးရွာအနီးတွင် အားကို့အား စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ကိုလည်း ကောင်း၊ ထို့ပြင် ဇွန်လ ၂ ရက် မွန်းလွဲ ၁၂ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ အုပ်စုကျွဲတပ်ဆုံ ကျေးရွာအနီးတွင် ထက်မင်းလတ်(ခ)ကိုထက် မောင်းနှင်ပြီး မသီရိဝင်း(ခ)ဖြူတုတ် လိုက်ပါလာသည့် MITSUBISHU PAJERO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင် သူများဖြစ်ကြသည့် ကောင်းမြတ်ဟိန်း(ခ)ညီဖုန်အား ဇွန်လ ၃ ရက် ညနေ ၄ နာရီ ခွဲတွင် ပြည်မြို့ နဝဒေးရပ်ကွက်မြို့ရှောင်လမ်းရှိ စားသောက်ဆိုင်တွင် ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဦးကံသာ(ခ) ကျော်ကျော်နိုင်အား ညနေ ၅ နာရီတွင် ပြည်မြို့ ဆင်စုရပ်ကွက်ရှိ ဟိုတယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)