လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပြိုင်ပွဲများ ကျင်းပ
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကို ဇူလိုင်လ ၁၇ ရက်တွင် ကျင်းပသည်။
ပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ပြပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ ကလေးငယ်များအား ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ ကျင်းပပြီးပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုများအသီးသီး ပေးအပ်သည်။
အဆိုပါပြိုင်ပွဲသို့ ဇေယျာသီရိမြို့နယ် ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး တက်ရောက်ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား လေ့လာကြည့်ရှု ကြကြောင်း သိရသည်။