အီရန်က ထရမ့်အားလုပ်ကြံရန် ကြံစည်နေဟူသော ထောက်လှမ်းရေး သတင်းရရှိခဲ့ဟု အမေရိကန်ပြော
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား အီရန်နိုင်ငံက လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေသည် ဟူသော ထောက်လှမ်းရေး သတင်းများအား ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းကတည်းက ရရှိခဲ့ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်သည်။
အီရန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်က အီရန် တပ်မှူးတစ်ဦးဖြစ်သူ ကာဆန်ဆိုလေမာနီ အား လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးမှုကြောင့် အီရန်က သမ္မတဟောင်း ထရမ့်အား လက်တုံ့ပြန်မည်ကို အမေရိကန်အရာရှိများက စိုးရိမ်မကင်းဖြစ်ခဲ့ကြကြောင်း၊ ထိုသို့သော ခြိမ်းခြောက်မှုမျိုးကို အထူးဦးစားပေးရမည့် အမျိုးသားနှင့် အမိမြေလုံခြုံရေး ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူထားကြောင်း အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အေဒရီယန်ဝမ်ဆင်က ပြောသည်။
အီရန်က ထရမ့်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းနေသည်ဟူသော ထောက်လှမ်းရေးသတင်း အချက်အလက်အား လူတစ်ဦးထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း စီအင်အင်သတင်းဌာနကဖော်ပြသည်။
အမေရိကန်၏ စွပ်စွဲချက်များအား အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီက ငြင်းဆိုထားသည်။
ထရမ့်သည် ဇူလိုင်လ ၁၃ ရက်တွင် ပင်ဆေဗေးနီးယားပြည်နယ် မဲဆွယ်ပွဲတစ်ခု၌ သောမတ်မက်သရူးခရွတ် အမည်ရှိ သေနတ်သမား၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရပြီးနားရွက်တွင် ဒဏ်ရာရရှိသွားကြောင်း သိရသည်။