ဟားမက်စ်အဖွဲ့နှင့် အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲရေးနှင့် စပ်လျဉ်း၍ အီဂျစ်နှင့် ပြင်သစ်ဆွေးနွေး
ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းစစ်သွေးကြွဟားမက်စ်အဖွဲ့နှင့် အစ္စရေး တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချမှတ်နိုင်ရေးနှင့် စပ်လျဉ်း၍ အီဂျစ်သမ္မတ အဗ္ဗဒယ်အယ်လ်စီစီနှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် ဇူလိုင်လ ၁၆ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ချမှတ်နိုင်ရေးနှင့် ဂါဇာသို့ လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင်ရေး ကြိုးပမ်းမှုတွင် အီဂျစ်နိုင်ငံက ကြားဝင်ဖျန်ဖြေရေးကြိုးပမ်းမှုနှင့် ကြားဝင်ဖြေရှင်းမှုကို ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာမှ အားပေးထောက်ခံမှုများ လိုအပ်လျက်ရှိကြောင်း စီစီက ပြောကြားခဲ့သည်။ အလားတူပင် အစ္စရေးနှင့် ဟားမက်စ်တို့ကြား အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်ရန်အတွက် အီဂျစ်အစိုးရက ပါဝင် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုအပေါ် အသိအမှတ်ပြုကြောင်း မက်ခရွန်ကတုံ့ပြန် ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမက်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန်အတွက် ဆွေးနွေးမှုများကို အီဂျစ်နှင့် ကာတာနိုင်ငံတို့က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ သို့သော် တိုးတက်မှု ထင်သလောက် မရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမက်စ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ အတွင်း ပါလက်စတိုင်း သုံးသောင်းကျော် သေဆုံးပြီး ကိုးသောင်းနီးပါး ဒဏ်ရာရရှိထားကြောင်း၊ အစ္စရေးဘက်တွင်လည်း လူ ၁၂၀၀ ခန့်သေဆုံးပြီး၂၀၀ ကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။