သုခတော်ဝင်အိမ်ရာ စီမံကိန်းအပိုင်း(၂) ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်ပြီး နေပြည်တော်စည်ပင် သာယာရေး လုပ်ငန်းများ ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု စစ်ဆေး
နေပြည်တော် ဇူလိုင် ၁၇
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေး၌ တည်ဆောက်မည့် သုခတော်ဝင် အိမ်ရာစီမံကိန်း အပိုင်း(၂) ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်၍ သတ်မှတ်နေရာ အသီးသီးတွင် ရတနာပန္နက်တော်ကို ကိုးချက်စိုက်ထူကာ အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
အဆိုပါ သုခတော်ဝင်အိမ်ရာ စီမံကိန်းအပိုင်း(၂) တည်ဆောက်ရာတွင် စတုရန်းပေ ၇၃၂ ပေအကျယ်ရှိသော အိပ်ခန်းနှစ်ခန်းပါ ငါးထပ်အဆောက်အအုံနှင့် စတုရန်းပေ ၁၀၉၂ ပေ အကျယ်ရှိသော အိပ်ခန်းသုံးခန်းပါ ငါးထပ် အဆောက်အအုံများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် စိမ်းစားပင် ကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး တောင်သူများကို သဘာဝမြေသြဇာများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်မှုသရုပ် ပြသခြင်းကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန စိုက်ကွင်းသို့ရောက်ရှိပြီး ပဲပုပ်သီးနှံနှင့် ပဲတီစိမ်းသီးနှံ စိုက်ခင်းများကို ကြည့်ရှုအားပေးကာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန စိုက်ကွင်း၌ နွေစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား ကပ်လှူပူဇော်ရေးလုပ်ငန်းနှင့် ရွှေထီးတော်ကြံ့ခိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အရည်အသွေး ပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ ကြည်ညိုဖွယ်ဖြစ်စေရေးကို အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော်အတွင်း ဆီထွက်သီးနှံ ကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။