ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပန်းဆိုးတန်း-ဒလဆိပ်ကမ်း တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြော  

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပန်းဆိုးတန်း-ဒလဆိပ်ကမ်း တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြော  

 

ရန်ကုန်  ဇူလိုင်  ၁၇

      မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။        

ဟောပြောပွဲတွင် မင်္ဂလာဒုံခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ကျန်းမာရေး ဝန်ထမ်းများ၊   မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ လေဆိပ်ကျန်းမာရေးဌာန၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီနှင့် ရန်ကုန်အေရိုဒရုန်း ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက လတ်တလော ဖြစ်ပွားလျက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးစီမံချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်းခရီးစဉ် ဆိုက်ရောက်/ ထွက်ခွာဆောင်၌  နံရံကပ် ပိုစတာကပ်ခြင်း၊ ခရီးသွားပြည်သူများကို လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးကြော်ငြာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပန်းဆိုးတန်း-ဒလဆိပ်ကမ်းတွင် ကူးတို့လမ်းပြေးဆွဲနေသော ချယ်ရီ-၃ ရေယာဉ်ပေါ်၌လည်း  ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လူဝင်မှုဆိုင်ရာ ဆိပ်ကမ်းကျန်းမာရေးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူများက ပန်းဆိုးတန်း-ဒလဆိပ်ကမ်းနှင့် ချယ်ရီ-၃ ရေယာဉ်ပေါ်၌ နံရံကပ်ပိုစတာများကပ်ခြင်း၊ ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ  ကြိုတင်ကာကွယ်ရေး အသိပေးကြော်ငြာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း   သတင်းရရှိသည်။