၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် စတင်ပညာသင်ကြား

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် စတင်ပညာသင်ကြား

 

ရန်ကုန်  ဇွန်  ၃

 

၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ  စတင်ဖွင့်လှစ်သော ယနေ့၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၇၅၄ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၀၇၆၉၅  ဦး  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း   သိရသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သော မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မူလတန်းကျောင်း ၁၆၈၀၊ အလယ်တန်းကျောင်း ၆၆၅ ကျောင်းနှင့် အထက်တန်းကျောင်း ၄၀၉ ကျောင်းဖြင့် စုစုပေါင်း ၂၇၅၄ ကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခဲ့ကြပြီး ကျောင်းများစတင်ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းသား၊  ကျောင်းသူ ၁၀၀၇၆၉၅ ဦး စတင်ပညာသင်ကြားနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ   အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး   ဒေါက်တာချိုချိုမြတ်အောင်က ဇွန်လ ၃ ရက် ကျောင်းဖွင့်ချိန်မှာ စာသင်ကြားနိုင်ဖို့ နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်မှုနဲ့အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကူညီပံ့ပိုးမှုနဲ့ ကျောင်းအားလုံးပတ်ဝန်းကျင်နဲ့ ကျောင်းတွင်း၊  ကျောင်းပြင်သန့်ရှင်းရေး၊    စာသင်ခန်းအလင်းဖွင့် ဆောင်ရွက်ခြင်း၊ စာသင်ခန်းနဲ့ စာသင်ခုံများ သန့်ရှင်းသပ်ရပ်နေအောင် ဆောင်ရွက်ခြင်း စတဲ့လုပ်ငန်းစဉ်တွေမှာ တတ်နိုင်သမျှပြည့်စုံအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်ဟု ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ  ကိုလိုနီခေတ်ကတည်ဆောက်ခဲ့သည့် ကျောင်းများတွင် အထင်ကရတစ်ခုဖြစ်သော ဗိုလ်တထောင် အမှတ်(၆)အထက်တန်းကျောင်း (စိန်ပေါအမျိုးသားကျောင်း)တွင် ကျောင်းစတင် ဖွင့်လှစ်သောနေ့၌ ကျောင်းတက်သူ၊ ကျောင်းပို့သူတို့ဖြင့်စည်ကားခဲ့ပြီး ကျောင်းဖွင့်ချိန်၌ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူစိန်က ဗိုလ်တထောင်ခရိုင်မှာ အခြေခံပညာကျောင်း ၁၃၄ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းက  ကိုးကျောင်းနဲ့ ပုဂ္ဂလိကကျောင်း  ၁၆  ကျောင်းရှိပါတယ်။

ဇွန်လ ၂ ရက်အထိ ကျောင်းသားပေါင်း ၅၄၅၀ အပ်နှံထားပါတယ်။ အခမဲ့ပညာရေး မူဝါဒစနစ်ဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူများထံက မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဖို့ မြို့နယ်ကျောင်းများကို မှာကြားထားပါတယ်။ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်းမှာလည်း   ကျောင်းအပ်နှံရေးကို ဆောင်ရွက်နိုင် ခဲ့တဲ့အပြင် ကျောင်းတွင်း၊ ကျောင်းပြင်  သန့်ရှင်းသာယာလှပရေးကိုလည်း   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာ၊ ကျောင်းအကျိုးတော်ဆောင်တွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပါတယ်။ ကျောင်းကို ရောက်လာတဲ့ ကျောင်းသားတိုင်း  ကျောင်းနေမြဲရေး၊ ကျောင်းထွက်နှုန်း ကျဆင်းရေးကိုလည်း ကြိုးစားဆောင်ရွက်သွားရမှာပါ။ ကျောင်းအပ်နှံတဲ့နေ့မှာလည်း အထောက်အပံ့ပစ္စည်းတွေ ကျောင်းသားတွေ လက်ဝယ်ရောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နေရပ် စွန့်ခွာနဲ့အကြောင်းအမျိုးမျိုးကြောင့် ပညာ သင်ရပ်နားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများကို  ကျောင်းအပ်နှံဖို့ အခွင့်အရေးရရှိအောင် စီစဉ်ဆောင်ရွက်ပေးဖို့ ကျောင်းအုပ်များကို ညွှန်ကြားထားပါတယ်။ မနှစ်ကထက်ကျောင်းသားတိုးလာခြင်းဟာ သာတူညီမျှအခွင့်အရေးရရှိပြီး   လူမျိုးဘာသာမရွေး ပညာသင်ယူခွင့်ရရှိတဲ့ ပညာရေးမူဝါဒကြောင့် ဖြစ်ပါတယ်။ ကျောင်းနေပျော်ပြီး စာတော်အောင် ဆရာ၊ ဆရာမများက ဆက်လက်ကြိုးစားဆောင်ရွက်သွားရမှာပါ ဟုပြောသည်။

ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အထက် တန်းကျောင်း Grade-11 တွင် စတင်ပညာ သင်ကြားနေသည့် မောင်မင်းခန့်ညီညီက ကျောင်းပိတ်ချိန်မှာ ဂိမ်းဆော့၊ စာဖတ်ရင်းအချိန်ကုန်ခဲ့ပြီး သူငယ်ချင်းတွေကို  သတိရခဲ့ပါတယ်။   ဒီနေ့ကျောင်းဖွင့်ရက်ဟာ အပျော်ဆုံးပါပဲ။ သူငယ်ချင်းတွေအားလုံးနီးပါး ပြန်တွေ့ရတော့ ဝမ်းသာတယ်။ Grade-10 မှာ ဆရာ၊ ဆရာမများလမ်းညွှန်ပြသမှုနဲ့ ဖြေဆိုနိုင်ခဲ့တာကြောင့်  အတန်းတက်ပြီး ပညာသင်ယူရတာကိုလည်း   ဂုဏ်ယူပါတယ်။ ဖေဖေ့လို့ သင်္ဘောသားဖြစ်ချင်တယ်။ ဒါကြောင့် ကြိုးစားပြီးသင်ယူနေပါတယ်။

မနှစ်က လူရည်ချွန်မဖြေခဲ့ရတာကြောင့် ဒီနှစ်ဖြေဆိုဖို့ ကြိုးစားသွားမှာပါ။ သူငယ်ချင်းတွေကိုလည်း စာကိုစိတ်ဝင် တစားသင်ယူပြီး တိုင်းပြည်ကို  အကျိုးပြုတဲ့ကျောင်းသားကောင်းများ ဖြစ်ပါစေလို့ အမြဲဆန္ဒပြုနေပါတယ်ဟုပြောသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သော ကျောင်းနေအရွယ်ကလေးအားလုံး   အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ   အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံမှုကို လက်ခံခဲ့ကြပြီး  မြန်မာ့ပညာရေး မျှော်မှန်းချက်ဖြစ်သော မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာ သင်ယူနေသော  လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေး စနစ်တစ်ခုဖြစ်ထွန်းလာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကာ ယနေ့ကျောင်းများ စတင်ဖွင့်ချိန်၌ ကျောင်းသား၊ ကျောင်းသူ များ  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားကြလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး၊ ညိမ်းသူ(သတင်းစဉ်)