မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ တေဟုန်ပြည်နယ်ခွဲသို့ သွားရောက် ပြည်သူချင်း ပိုမိုချစ်ကြည်ရင်းနှီးမှု လုပ်ငန်းများ ဆောင်ရွက်

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ တေဟုန်ပြည်နယ်ခွဲသို့ သွားရောက်  ပြည်သူချင်း ပိုမိုချစ်ကြည်ရင်းနှီးမှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဇွန် ၃

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ယူနန်ပြည်နယ် တေဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲအစိုးရအဖွဲ့မှ ဖိတ်ကြားချက်အရ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ စီစဉ်မှုဖြင့် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မူဆယ်ခရိုင်တာဝန်ခံ ဦးခင်ဦး(ခ) ဦးရှင်ဖူး ဦးဆောင်သောအဖွဲ့ဝင်  ၂၂ ဦးသည် မေလ ၂၉ ရက်က မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် မန်စီမြို့သို့ ထွက်ခွာခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ မေလ ၂၉ ရက်မှ ဇွန်လ ၂ ရက်အထိ ငါးရက်ကြာခရီးစဉ်အတွင်း ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများ တွေ့ဆုံဆွေးနွေးဖလှယ်ခြင်း၊ တေဟုန်ပြည်နယ်အသက်မွေးဝမ်းကျောင်း ကောလိပ်တွင် သူနာပြုဘာသာရပ်၊ တိုင်းရင်းဆေးနှင့်အခြားပညာတော်သင်များ ရွေးချယ်စေလွှတ်ရေးကိစ္စများကို  အပြန်အလှန် ဆွေးနွေးခြင်း၊ ကုမ္ပဏီစက်ရုံအလုပ်ရုံများ ကြည့်ရှုလေ့လာခြင်း၊ နယ်စပ်ဒေသချင်းနီးစပ်၍ ဗုဒ္ဓဘာသာဝင် အများစုရှိသော ဒေသဖြစ်သဖြင့် အထင်ကရရှိသော မန်စီရွှေစေတီတော်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုခြင်း၊ အလှူငွေများ ပေးအပ်ခြင်း စသည့် ပြည်သူချင်း ပိုမိုချစ်ကြည်ရင်းနှီးရေး ကိစ္စရပ်များ  ဆောင်ရွက်ခဲ့ကြပြီး ယမန်နေ့ညပိုင်းက ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏စီစဉ်မှုဖြင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ HUNAN ပြည်နယ် Huanghe S&T University တွင် မေလ ၂၄ ရက် မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့တက္ကသိုလ် အမျိုးသမီးပါမောက္ခချုပ်များ၏  The  11th World Women University Presidents Forum သို့ မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း တက်ရောက်ခဲ့ပြီး အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၆၅ နိုင်ငံမှကိုယ်စားလှယ် ၂၇၀ ကျော်တက်ရောက်ကြကာ ပညာရေးကဏ္ဍ ပေါင်းစုံအတွက် ဆွေးနွေးဖလှယ် ခဲ့ကြကြောင်း သိရသည်။