နေပြည်တော်ရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

 

နေပြည်တော်ရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

 

နေပြည်တော်   ဇွန်  ၃

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ယနေ့တွင်  စတင်ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများတွင်လည်း  ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ    အတန်းလိုက် ပြဋ္ဌာန်းထားသည့်   ဘာသာရပ်များကို သင်ကြားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍   ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းအသီးသီး၌ တာဝန်ကျဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများတက်ရောက်မည့်  စာသင်ခန်းနေရာများသို့ လမ်းညွှန်ပြသပေးခြင်းနှင့် စနစ်တကျ ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက် နိုင်ရေးအတွက်  ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများအနေဖြင့် စာသင်ခန်းအတွင်း ၌ စာသင်ခုံများ စနစ်တကျနေရာချထားခြင်း၊ ဘာသာရပ်အလိုက်  စာသင်ချိန်ဇယားများ   စနစ်တကျစီမံထားခြင်း၊ ကျောင်းတက်၊ ကျောင်းဆင်း အချိန်စာရင်းများ အသိပေးကြေညာထားခြင်း၊ ကျောင်းသူ၊ ကျောင်းသားများ   သန့်ရှင်းသပ်ရပ်စွာ ပညာသင်ကြားနိုင်ရေး  အတွက်လည်း ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန်နှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားခြင်း၊  ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် အသိပေးကြေညာချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များ   စိုက်ထူထားခြင်းနှင့် ကျောင်းကြို၊ ပို့ယာဉ်များ စီစဉ်ထားခြင်းတို့ကို စီမံဆောင်ရွက်ထားကြသည်။

ယနေ့  အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍  အမှတ်(၅) အခြေခံပညာ  အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒအရ မေလ ၂၃ ရက်ကနေ ဇွန်လ ၂ ရက်အထိ ကျောင်းအပ်နှံရေးရက်သတ္တ ပတ်အဖြစ် သတ်မှတ်ထားပါတယ်။  ဒီနေ့အထိ ကျောင်းအပ်လက်ခံ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၉၇ ဦးရှိပြီ ဖြစ်ပါတယ်။ ပညာရေးစနစ်သစ်ဖြစ်တဲ့  KG+12 က  ကလေးတွေကို ဗလငါးတန်နဲ့ ပြည့်စုံအောင် သင်ကြားနည်းဖြစ်ပါတယ်။ ကျောင်းစာအပြင် ဘက်စုံပူးပေါင်းပြီး ပညာသင်ကြားရေးစနစ်ဖြစ်တဲ့အတွက် စနစ်တကျ လုပ်ကိုင်ဆောင်ရွက် နိုင်မယ်ဆိုရင် အားသာချက်တွေ အများကြီးရှိပါတယ်။ အခြေခံပညာ ကျောင်းများမှာ အခမဲ့ကျောင်းထားရတာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူကိုယ်တိုင်က ကြိုးစားမယ်ဆိုရင် ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ကျွန်တော့်ကျောင်းမှာဆိုရင်  လူရည်ချွန်မောင်မယ် နှစ်တိုင်းထွက်ပါတယ်။ လာမယ့်နှစ်အတွက် လူရည်ချွန်မောင်မယ်တွေကို လေ့ကျင့်ရေးတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော်အကြီးအကဲက ပြည်သူပြည်သားအားလုံး  စာဖတ်ကြမယ်ဆိုရင် အသိပညာတွေတိုးတက်လာပြီး အေးချမ်းသာယာတဲ့ ဘဝတွေကို တည်ဆောက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာကြည့်တိုက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကျောင်းမှာလည်း စာသင်ချိန်ဇယားမှာ စာဖတ်ချိန်တစ်ချိန်ထည့်သွင်း ရေးဆွဲထားပါတယ်။  စာဖတ်ချိန်ကို အတန်းလိုက် တစ်ရက်စီဝင်နိုင်ဖို့ ရေးဆွဲသွားမှာ ဖြစ်ပါတယ်ဟု ပြောကြားသည်။

အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း  ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်းက ဒီနှစ်မှာထူးခြားချက်တစ်ခုကတော့ စာသင်ချိန် ၈ ချိန်မှာ စာဖတ်ချိန် တစ်ချိန်ကိုထည့်သွင်း ရေးဆွဲပါတယ်။

ကျွန်မကျောင်းမှာ မူလတန်းအတွက် စာကြည့်ခန်းတစ်ခန်းနဲ့  အလယ်တန်း၊ အထက်တန်းတွေအတွက်  စာကြည့်ခန်းတစ်ခန်းရှိပါတယ်။  စာကြည့်တိုက်နှစ်ဆောင်ဖြစ်တဲ့အတွက် မူလတန်းကျောင်းသား၊ ကျောင်းသူတွေအတွက် လိုက်ဖက်ညီတဲ့ စာအုပ်လေးတွေကို စာဖတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်ကတော့ သုတရသစာပေတွေအပြင် တခြားဗဟုသုတရစေမယ့်   စာအုပ်တွေထည့်ပေးထားပါတယ်။ ကျောင်းသင်ခန်းစာတွေအတွက် အထောက်အကူပြုဖြစ်စေမယ့် စာအုပ်၊ သမိုင်းဘာသာရပ်နဲ့ဆက်စပ်တဲ့ အတ္ထုပ္ပတ္တိတွေ၊   ပထဝီဝင်ဘာသာရပ်နဲ့ ဆက်စပ်နေတဲ့  စာအုပ်တွေကိုလည်း ထည့်ပေးထားပါတယ်။ တီထွင်ဖန်တီးမှုတွေကိုဖြစ်လာစေဖို့ သိပ္ပံဘာသာရပ်နဲ့ဆက်စပ်တဲ့ စာအုပ်၊ သင်္ချာဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်စေဖို့ သင်္ချာဉာဏ်စမ်းစာအုပ် စတဲ့စာအုပ်တွေကို ထည့်သွင်း စီစဉ်ထားပါတယ်။ စာဖတ်ခြင်းအကျိုးကျေးဇူးက သိပ်ကို ကြီးမားပါတယ်။ အဲဒါကြောင့် အားလုံးကို စာအုပ်စာပေ ဖတ်ရှုစေချင်ပါတယ်။

KG+12 သင်ရိုးညွှန်းတမ်းကိုသင်တဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေက ဆရာနဲ့ ကျောင်းသား စာသင်နေတာမျိုးမဟုတ်ဘဲနဲ့ အမေးအဖြေကဏ္ဍတွေ ပါလာပါတယ်။ စာသင်ခန်းတစ်ခုမှာသင်မယ်ဆိုရင် ကလေးတွေက  အဖွဲ့လိုက်၊ အတွဲလိုက် ဆောင်ရွက်ရတဲ့အတွက် ပူးပေါင်းဆောင်ရွက်တတ်တဲ့  စွမ်းရည်တွေ ပိုများလာပါတယ်။     အချင်းချင်းညှိနှိုင်း ဆောင်ရွက်တတ်လာပါတယ်။ သင်ထောက်ကူပစ္စည်းတွေ သုံးရမယ်ဆိုရင် ကိုယ်တိုင်စဉ်းစား၊ ကိုယ်တိုင်စုဆောင်း၊ ကိုယ်တိုင်ပြင်ဆင်ရတဲ့အတွက် တီထွင်ဖန်တီး တတ်တယ်ဆိုတဲ့ ဉာဏ်ရည်တွေရလာစေပါတယ်။ သင်ခန်းစာ အပေါ်လည်း စိတ်ဝင်စားမှု ပိုများလာတယ်။

သင်ခန်းစာကို လေးလေးနက်နက်တွေးရတာက  KG+12 ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့အတွက် ပညာရေးရဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းကို ရရှိစေပါတယ်။ မူလတန်းမှာ ၆ နှစ်၊ အလယ်တန်းအဆင့်က ၄ နှစ်၊ အထက်တန်းအဆင့် ၃ နှစ်ဆိုတော့  သူတို့သိရမယ့်  အခြေခံအသိ ပညာဗဟုသုတတွေကို ဘာသာရပ်အသီးသီးမှာ အပြည့်အဝရရှိသွားမယ်လို့ မြင်ပါတယ်။

ကျောင်းတွေဆိုတာ ကျောင်းသားရှိမှပြည့်စုံတာ ဖြစ်ပါတယ်။ ကျောင်းတက်ဖို့အတွက် သွားရေးလာရေး အခက်အခဲဖြစ်တယ်ဆိုရင် ကျွန်မတို့ ကျောင်းကပိတ်ရက်မရှိ ကျောင်းအပ် လက်ခံ ပေးနေပါတယ်ဟု ပြောကြားသည်။

နိုင်ငံတော်အနေဖြင့်   ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ပညာရေးစနစ် ဆောင်ရွက်ပေးထားသည့်အတွက် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေး၊ စာကြည့်တိုက်ကြေးများ အပါအဝင် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်း မရှိသည့်အပြင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသုံး ဗလာစာအုပ်၊  ဖတ်စာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

          သန့်ဂျိုင်း၊ ဓာတ်ပုံ-ဖိုးပြည့်စုံ