အာမေးနီးယားဘက်က ပြန်ပေးသော နောက်ဆုံးဒေသ၌ အဇာဘိုင်ဂျန်ဘက်က နိုင်ငံတော်အလံလွှင့်ထူ

အငြင်းပွား နာဂေါ်နို-ကာရာဘတ်ဒေသနှင့်ပတ်သက်၍ သီတင်းပတ်ပေါင်းများစွာ ကြာအောင်ဖြစ်ပွားသည့် စစ်ပွဲကို အဆုံးသတ်စေခဲ့သော ငြိမ်းချမ်းရေး သဘောတူစာချုပ်အရ အာမေးနီးယားက ပြန်ပေးသည့် နောက်ဆုံးဒေသ၌ အဇာဘိုင်ဂျန်စစ်သည်များက ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံတော်အလံကို လွှင့်ထူကြောင်း သိရသည်။

ရုရှားအစိုးရ၏ စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ရရှိသော သဘောတူစာချုပ်အရ အာမေးနီးယားနိုင်ငံဘက်က ကာရာဘတ် ဝန်းကျင်ရှိ ဒေသသုံးခုကို လွှဲပြောင်းပေးရသည်။

ထို့နောက်   အဇာဘိုင်ဂျန်တပ်ဖွဲ့မှ စစ်ယာဉ်တန်းသည် လာချင်းခရိုင်အတွင်းသို့ ဝင်ရောက်လာပြီး အဇာဘိုင်ဂျန် စစ်သည်များက လာချင်းမြို့ရှိ အစိုးရအဆောက်အအုံတစ်ခု၌ နိုင်ငံတော်အလံကို လွှင့်ထူခြင်းဖြစ်သည်။

အာမေးနီးယား အစိုးရသည် နိုဝင်ဘာလတွင် ချုပ်ဆိုသော ငြိမ်းချမ်းရေး သဘောတူစာချုပ်အရ  အက်ဒမ်၊ လာချင်းနှင့် ကယ်ဘာဂျာခရိုင် သုံးခုကို အဇာဘိုင်ဂျန်အစိုးရထံသို့ လွှဲပြောင်းပေးလိုက်ရခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် နောက်ပိုင်းဖြစ်ပွားသော စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အဇာဘိုင်ဂျန်အစိုးရက အခိုင်အမာ ပြောဆိုထားသည်။

သဘောတူစာချုပ်အရ ကာရာဘက်ဒေသ၏ အဓိကမြို့တော်ဖြစ်သော စတီပါနာကာ့မြို့နှင့် အာမေးနီးယားနိုင်ငံကို ချိတ်ဆက်ထားသောခရိုင်မှ ကီလိုမီတာ ၆၀ ခန့်အကွာရှိ လာချင်းခရိုင်တစ်လျှောက်နှင့် နှစ်နိုင်ငံ၏နယ်စပ်တို့၌ ရုရှားငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကို ဖြန့်ကြက်ထားသည်။

ရုရှားစစ်ဘက်မှ ယာဉ်များသည်လည်း အဇာဘိုင်ဂျန်စစ်ယာဉ်တန်း နှင့်အတူ လိုက်ပါလာပြီး လာချင်းခရိုင်ရှိ လမ်းမကြီးများတွင် တပ်ဖြန့်နေရာ ယူထားကြောင်း သိရသည်။

Ref: Bangkok Post