ဆန္ဒပြမှုကိုထိန်းချုပ်ရန် တောင်သူလယ်သမားများနှင့် အိန္ဒိယတာဝန်ရှိသူများ တွေ့ဆုံ

အိန္ဒိယတာဝန်ရှိသူများသည်  နိုင်ငံအတွင်း သီတင်းပတ်တစ်ပတ်နီးပါးကြာ ဖြစ်ပွားနေသော ဆန္ဒပြမှုကို ထိန်းချုပ်ရန်   ဒီဇင်ဘာ ၁ ရက်တွင် လယ်သမားများနှင့်တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။

အိန္ဒိယရှိ တောင်သူလယ်သမားများသည် အစိုးရက ချမှတ်လိုက်သည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြကြရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပြီး အကြမ်းဖက်မှုအသွင်သို့ ပြောင်းလဲခဲ့ကြောင်း သိရသည်။

ယခုနှစ်အစောပိုင်းတွင် လွှတ်တော်၌ အတည်ပြုလိုက်သည့် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အစိုးရအဖွဲ့၏ ထိုဥပဒေအရ တောင်သူများအနေဖြင့်   စိုက်ပျိုးထားသော အသီးအနှံများကို အိန္ဒိယနိုင်ငံအတွင်းရှိ မည်သည့်နေရာတွင်မဆို တရားဝင်လွတ်လပ်စွာ ရောင်းချနိုင်မည်ဖြစ်သည်။

သို့သော် အဆိုပါဥပဒေသည်   ကုန်သည်များအနေဖြင့် တောင်သူများအပေါ် ခေါင်းပုံဖြတ်နိုင်ရန် အခွင့်အရေးရရှိ သွားခြင်းဖြစ်ကြောင်း အတိုက်အခံကွန်ဂရက်ပါတီကပြောသည်။

ထို့ကြောင့် အတိုက်အခံပါတီ စိုးမိုးသော နိုင်ငံမြောက်ပိုင်းရှိ ပန်ဂျပ်ပြည်နယ်မှလယ်သမားများက ပြီးခဲ့သည့် သီတင်းပတ်တွင် နယူးဒေလီမြို့သို့ ချီတက်ဆန္ဒပြရာ ရဲတပ်ဖွဲ့ဝင်များ၏ မျက်ရည်ယိုဗုံးများ၊ ရေအမြောက်များဖြင့် ပစ်ခတ်လူစုခွဲခြင်းကို ခံလိုက်ရကြောင်း သိရသည်။

ယခုအခါ ဆန္ဒပြသူများသည် နယူးဒေလီမြို့သို့ ဝင်ရာလမ်းကြောင်းများကို ပိတ်ဆို့ရန် စီစဉ်ထားကြောင်း ပြောလာပြီးနောက် အစိုးရတာဝန်ရှိသူများက လယ်သမားများနှင့် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

ထို့ပြင် ထုတ်ပြန်လိုက်သည့် ဥပဒေနှင့် ပတ်သက်၍ သတင်းအမှားများဖြန့်သည့် အတိုက်အခံပါတီကို ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အပြစ်တင်ထားကြောင်း သိရသည်။                            

Ref: CNA