သားငါးကဏ္ဍ၏ ထုတ်လုပ်မှု တန်ဖိုးမြှင့်တင်နိုင်ရေးနှင့် ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဇွန် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာ မွေးမြူရေး တောင်သူ၏ အသားတိုး ဝက်မွေးမြူရေးခြံ၌ CP-အသားတိုးဝက်ကောင်ရေ ၁၂၀၀ မွေးမြူထားရှိမှုနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းနှင့် မိတ္ထီလာ ၊ မန္တလေးမြို့တို့သို့ ဖြန့်ဖြူးပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ကံသာကျေးရွာ၌ Join Global Myanmar Co.,Ltd. ၏ Ross-308 အသားစားမျိုး ကြက်ကောင်ရေ ၁၄၀၀၀ မွေးမြူထားရှိမှုနှင့်အသားစားကြက် မျိုးဥများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုများကို လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ် ရေသန့်ရှင်းရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးနှင့် ပြည်ပတင်ပို့မှုတိုးမြှင့်နိုင်ရေးဆိုင်ရာများ၊ မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါများ သတိပြုကာကွယ်ရန် လိုအပ်ချက်များ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ထိန်းသိမ်းရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)၌ တည်ဆောက်လျက်ရှိသည့် တိရစ္ဆာန်များအား ကူးစက်ရောဂါများ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သီးသန့်ထားရှိရန် ISOLATION CENTER ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ရေဆင်းငါးစခန်း၏ ငါးမျိုးသားဖောက်ခြင်း၊ ဒေသတွင်း ငါးမျိုးများ ဖြန့်ဖြူးခြင်း၊ ငါးမွေးတောင်သူများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်(GAqP) သင်တန်းပေးခြင်း လုပ်ငန်းများ၊ စားဖားသားဖောက် မွေးမြူထားရှိမှုနှင့် ရွှေဝါငါးကြင်းဆေးထိုးသားဖောက် မွေးမြူထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငါးသားပေါက်များ လျာထားချက်ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး၊ ကြီးထွားနှုန်း ပိုမိုကောင်းမွန်ပြီး ရောဂါဒဏ် ခံနိုင်ရည်မြင့်မားသည့် ငါးမျိုးများ ရွေးချယ်ထုတ်လုပ်ပေးနိုင်ရေး မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် နှစ်ရှည်လများ သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်ခဲ့ကြသည့် အသက် ၆၀ နှစ်နှင့်အထက် အဘိုးအဘွား၊ တပ်မတော်သားများအတွက် ဆန်၊ ဆီနှင့် အလှူငွေကျပ် ဆယ်သိန်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။