နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ယူစရာမလိုသည့် ကိုဗစ်-၁၉ ရောဂါစစ်ကိရိယာအသစ်သည် အမှန်တကယ် ထိရောက်မှုရှိပြီး ရောဂါလက္ခဏာမပြသူများ၌ပင် ရောဂါကို ဖော်ထုတ်ပေးနိုင်ကြောင်း ဗြိတိန်အစိုးရက ဒီဇင်ဘာ ၁ ရက်တွင်ပြောသည်။
အဆိုပါကိရိယာကို ဗြိတိန်ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် OptiGene က ထုတ်လုပ်ခြင်းဖြစ်ပြီး RT-Lamp ဟုအမည် ပေးထားသည်။ တာဝန်ရှိသူများသည် RT-Lamp ကိရိယာဖြင့် ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်တစ်ခုကို နိုင်ငံတောင်ပိုင်းရှိ ဆောက်သမ်တန်မြို့၌ လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုစမ်းသပ်မှုတွင် ကျန်းမာရေးဝန်ထမ်းများအပြင် ဒေသတွင်းတက္ကသိုလ်နှင့် ဆက်စပ်နေသူ ၅၅၀၀၀ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ကိရိယာဖြင့် စမ်းသပ်စစ်ဆေးမှုများကို လုပ်ဆောင်ရာတွင် ထိုကိရိယာသည် မြန်ဆန်၊ စိတ်ချရပြီး အသုံးပြုရ လွယ်ကူသည်ကို တွေ့ရသည့်အပြင် စမ်းသပ်ခံမည့်သူ၏ တံတွေးနမူနာဖြင့် စမ်းသပ်နိုင်သည်သာမက နှာခေါင်း၊ အာခေါင်တို့ဖတ်များနှင့်လည်း စမ်းသပ်နိုင်ကြောင်း အမျိုးသားကျန်းမာရေးဌာနရှိ စစ်ဆေး၊ ခြေရာခံအစီအစဉ်မှ သိပ္ပံပညာရှင်အရာရှိချုပ် ဒေါက်တာဆူးဟေးကပြောသည်။
RT-Lamp ၏တုံ့ပြန်မှုက ၇၉ ရာခိုင်နှုန်းရှိပြီး တိကျမှုကရာနှုန်းပြည့်ရှိကြောင်း၊ ထို့ကြောင့် ယင်းကိရိယာသည် ကိုဗစ်-၁၉ ရောဂါရှိသူများကို ထိရောက်စွာရှာဖွေနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုဗယ်ကိုရိုနာဗိုင်းရပ် အများအပြား ပါဝင်သော နမူနာများဖြင့် စမ်းသပ်ရာတွင် တံတွေးနမူနာဖြင့် စမ်းသပ်မှုအတွက် ၉၄ ရာခိုင်နှုန်းနှင့် နှာခေါင်း၊ အာခေါင်တို့ဖတ်များဖြင့် စမ်းသပ်မှုအတွက် ၁၀၀ ရာခိုင်နှုန်းတိကျမှု ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: TST