ဘန်ဒေါင်းမြို့ကိုအပေါ်စီးမှ မြင်တွေ့နေရသည့် တောင်ထိပ်လေးတစ်ခုအပေါ်ရှိ ကြယ်ရောင်အောက်မှ ရုပ်ရှင်ရုံများက ကပ်ရောဂါကာလအတွင်း အင်ဒိုနီးရှားပြည်သူများကို ဖျော်ဖြေမှုပေးနေကြောင်း သိရသည်။
လွန်ခဲ့သောနှစ်လခန့်က စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါ ရုပ်ရှင်ရုံများသည် လဟာပြင်တွင် ကိုယ်စီတဲငယ်များနှင့် နေရာချထားခြင်း ဖြစ်သည်။
ထိုကဲ့သို့သောရုပ်ရှင်ရုံများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကပ်ရောဂါကာလအတွင်း ပြည်သူများကို ဖျော်ဖြေမှုပေးရန် နှင့် တစ်ချိန်တည်းမှာပင် လူအချင်းချင်း နီးကပ်မှုမရှိစေရေး စီမံထားခြင်းဖြစ်သည်။
လဟာပြင်ရုပ်ရှင်ရုံရှိ တဲတစ်ခုစီသည် ခေါင်းအုံးများ၊ စောင်များနှင့်သရေစာများကို ထည့်သွင်းပေးထားသည့်အပြင် လက်သန့်ဆေးရည်များနှင့် ပိုးသတ်ဆေးများကိုလည်း ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ ထားရှိပေးထားကြောင်း ရုပ်ရှင်ရုံစီစဉ်သူများကပြောသည်။
ရုပ်ရှင်ကြည့်သူများအနေဖြင့် တဲဝင်ပေါက်တွင်ထိုင်ရပြီး စီစဉ်သူများက တဲရှေ့ရှိစားပွဲတစ်လုံး အပေါ်တွင် အစားအစာများနှင့် ရေကိုချထားပေးကာ ဖယောင်းတိုင်မီးကို ထွန်းပေးထားသည်။
လေးပေခွဲမှ ခြောက်ပေအထိခြားထားသည့် တဲတစ်လုံးစီတွင် လူသုံးဦးအထိသာ လက်ခံပြီး တဲ ၂၈ လုံးသာထားရှိပေး ထားသည်။
ရုပ်ရှင်တစ်ကားစာ ကြာချိန်အတွက် တဲတစ်လုံးလျှင် ရူပီးယား၂၁၅၀၀၀ ကျသင့်မည်ဖြစ်ကြောင်းနှင့် ထိုသို့ စီစဉ်ရခြင်းသည် ကပ်ရောဂါကာလတွင် ဖျော်ဖြေပွဲငတ်နေသူများကို ဆွဲဆောင်ခြင်း ဖြစ်ကြောင်း စီစဉ်သူများအနက် တစ်ဦးဖြစ်သည့် အီဟမ်ဖာရီဆူဟာဒါက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၅၃၀၀၀၀ ကျော်နှင့်သေဆုံးသူ ၁၆၀၀၀ ကျော်ရှိသည့်အတွက် အရှေ့တောင်အာရှဒေသ၌ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။
Ref: CNA