အာဇာနည်စိတ်ဓာတ်မွေးမြူ နိုင်ငံ့ကောင်းကျိုးသယ်ပိုး

အာဇာနည်စိတ်ဓာတ်မွေးမြူ နိုင်ငံ့ကောင်းကျိုးသယ်ပိုး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်)

မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာကြည့်မိတိုင်း နိုင်ငံတော်နှင့်ပြည်သူတို့အတွက် အားရဝမ်းသာဖွယ် ကောင်းလှသော ခေတ်ကာလများကို ကြုံတွေ့ကြရသလို အလွန်ဝမ်းနည်းဖွယ် ကောင်းလှသည့် အချိန်ကာလများကိုလည်း ကြုံတွေ့ခဲ့ရသည်။ တိုင်းသူပြည်သားမှန်သမျှသည် မိမိတို့မှီတင်းနေထိုင်သော နိုင်ငံအတွက် အားရဝမ်းသာဖွယ်ကောင်းလှသည့် ခေတ်ကာလများကိုသာ ကြုံတွေ့လိုကြပေလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည့်ဖြစ်ရပ်၊ အချိန်ကာလကို  ကြုံတွေ့ ချင်မည်မဟုတ်ပေ။ သို့သော် လောကဓံသဘောအရ ကြုံရဆုံရရင်ဆိုင်ခဲ့ကြရသည်။

မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ပွဲများကြောင့် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာဆုံးရှုံးခဲ့ရသည်။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးသွားသည်နှင့် တိုင်းရင်း သားများသည် ရရာလက်နက်စွဲကိုင်ကာ နယ်ချဲ့တို့ကိုတိုက်ခိုက်ခဲ့သည်။ လွတ်လပ်ရေးဆုံးရှုံးပြီး ၁၀ နှစ်ခန့်ကြာသည်အထိ တိုင်းရင်းသားလက်နက်ကိုင်များ၏ နယ်ချဲ့တော်လှန်ရေးများမှာ အရှိန်အဟုန် ပြင်းထန်ခဲ့သည်။ နောက်ဆုံးတွင် လက်နက်အင်အား၊ လူအင်အားမမျှတသည့်အတွက် နယ်ချဲ့တို့အပေါ် လက်နက်ကိုင်တော်လှန်မှုများ မှေးမှိန်သွားခဲ့ရသည်။

ထို့နောက် အမျိုး၊ဘာသာ၊ သာသနာ၊ ပညာဟူသောကြွေးကြော်သံဖြင့် အသင်းအဖွဲ့များဖွဲ့စည်းကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို ဦးတည်ခဲ့သည်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၀ိုင်အမ်ဘီအေ)သည် ထင်ရှားစွာစုစည်းနိုင်ခဲ့သော အသင်းဖြစ်ခဲ့သည်။ မြန်မာလူငယ်များအနေဖြင့် မိမိနိုင်ငံ ကျွန်ဘဝတွင်ရှိနေရခြင်းမှာ မိမိတို့အသိပညာ နောက်ကျနေသည့်အတွက်ဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် ပညာတတ်အောင်သင်ကြားကြသည်။ ထိုသို့ပညာသင်ကြားရင်း အခြားတစ်ဖက်တွင် လည်း နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းကြသည်။ အတန်းပညာ၊ အသိပညာများရှိလာခြင်းနှင့်အတူ နောက်ဆုံးတွင် နယ်ချဲ့အင်္ဂလိပ်တို့အား မြန်မာနိုင်ငံမှ မောင်းထုတ်နိုင်ရေးအတွက် တပ်မတော် တစ်ရပ် ပေါ်ထွန်းရေးကို ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။

သခင်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်တို့၏ စွန့်လွှတ်စွန့်စားအနစ်နာခံကာ စစ်ပညာသင်ယူမှု ကြောင့်  ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်  ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)စတင် ပေါ်ပေါက်လာခဲ့သည်။ တပ်မတော်ပေါ်ပေါက်လာခြင်းသည် မြန်မာတို့အတွက်အားတက်ဖွယ်၊ ဂုဏ်ယူ ဖွယ်ဖြစ်သည်။ နှစ်ပေါင်းများစွာ မျှော်လင့်နေသောအိပ်မက်တစ်ခုကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သော ရဲဘော်သုံးကျိပ်က အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးတွင် မြန်မာ့တပ်မတော်သည် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှမောင်းထုတ်နိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်၍ သီရိလင်္ကာနိုင်ငံ ကန္နီမြို့၌ ဗမာ့မျိုးချစ်တပ်မတော်ကို အမြဲတမ်း တပ်မတော်ဖွဲ့စည်းရေးအတွက် အရှေ့တောင်အာရှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လော့မောင့်ဘက်တန်နှင့် ကန္နီ သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော်မှ ထွက်၍ နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်ခဲ့သည်။ လွတ်လပ်ရေးရရှိလျှင် လုပ်ဆောင်ရမည့်လုပ်ငန်းများကို စီစဉ်ဆောင်ရွက်သည်။  တစ်နှစ်အတွင်းလွတ်လပ်ရေးရရှိရေးအတွက် မနားမနေကြိုးစားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပင်လုံစာချုပ်ချုပ်ဆိုသည်။ ဖေဖော်ဝါရီ လ ၂၃ ရက်တွင် ယာယီအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီး ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယဥက္ကဋ္ဌ   ကာကွယ်ရေးနှင့် နိုင်ငံခြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်သည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်မှ ၁၈ ရက်အထိ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံ ကျင်းပရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူများကို တင်သွင်း ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့အတွင်းဝန်များရုံး၌ ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မသမာသူလူတစ်စု၏လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ သခင်မြ၊  ဒီးဒုတ်ဦးဘချို၊  ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးရာဇတ်၊ အတွင်းဝန်ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ကျဆုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းအတွက် မြန်မာပြည်သူတစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ယူကျုံးမရဖြစ်ခဲ့ကြသည်။ အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ လက်ရုံးရည်၊  နှလုံးရည်(သတ္တိဗျတ္တိ) ပြည့်စုံပြီး  အမြော်အမြင်ကြီးမားကာ ကိုယ်ကျင့်သိက္ခာဖြူစင်စွာဖြင့် အများအကျိုးအတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်ရန်ပိုင်းဖြတ်ထားသည့် စိတ်ဓာတ်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင်  အာဇာနည်ခေါင်းဆောင်ကြီးများကို  လေးစားတန်ဖိုးထားသည့် စိတ်နှင့် အတူ မျိုးဆက်သစ်လူငယ်တိုင်းက အာဇာနည်စိတ်ဓာတ်မွေးမြူကာ နိုင်ငံနှင့်လူမျိုးကောင်းကျိုး သယ်ပိုး ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

Dates: 
Friday, July 19, 2024 - 07:44