လေချုပ် ဝမ်းချုပ်သူများအတွက် အကြံပြုချက်
လေချုပ်၊ ဝမ်းချုပ်သူများသည် အထိုင်များကြသူ များဖြစ်သည်။ ရုံးအလုပ်လုပ်သူနှင့် အထိုင်များသူများ တွင် ဝမ်းမမှန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆေးပညာစကားဖြင့် လေချုပ်၊ ဝမ်းချုပ်ခြင်း အဖြစ်များကြသည်။
ဝမ်းတစ်လုံးကောင်း ခေါင်းတစ်လုံးမခဲဟူသော အရပ်စကားမှာ မရိုးနိုင်အောင် မှန်သောစကားဖြစ် သဖြင့် အစာမကြေသူ၊ ဝမ်းဗိုက်တွင် လေပွသူ၊ လေချုပ် သူ၊ ဝမ်းချုပ်သူများ၏ နောက်ဆက်တွဲ ပြဿနာတွင် ဇက်ကြောတက်ခြင်း၊ ခေါင်းမကြည်ခြင်း၊ ခေါင်းကိုက် ခြင်း၊ ညအိပ်မပျော်ခြင်း စသည်တို့ ဖြစ်နိုင်သည်။
ဝမ်းချုပ်လျှင် ဝမ်းနုတ်ဆေးစားသင့်၊ မစားသင့် ဆိုသည်မှာလည်း အယူအဆအမျိုးမျိုးကွဲလွဲမှုရှိသော ပြဿနာဖြစ်သည်။ ဆရာအမျိုးမျိုးက ဆေးပညာ ရှုထောင့်အမျိုးမျိုးမှ တစ်ပတ်တစ်ကြိမ် ဝမ်းနုတ်သင့် သည်။ တချို့ကလည်း တစ်လမှတစ်ကြိမ်သာ ဝမ်းနုတ် ဆေးစားသင့်သည်ဟု အမျိုးမျိုးကွဲပြားသော အယူအဆ များတွေ့ရသည်။
လူအမျိုးမျိုး စိတ်အထွေထွေ၊ ဆရာအမျိုးမျိုး ကုနည်းအထွေထွေပင် ဖြစ်သည်။ စာရေးသူအကြံပြု လိုသည်မှာ ဝမ်းချုပ်ခြင်းတွင် သာမန်အဆင့် သို့မဟုတ် အဆင့်မြင့်(ဆေးပေးရမည့်အဆင့်) ဝမ်းချုပ်ခြင်း ကို ခွဲခြားရန်လိုပါမည်။
သာမန်အဆင့် ဝမ်းချုပ်ခြင်း
သာမန်အဆင့် ဝမ်းချုပ်ခြင်းဆိုသည်မှာ များသော အားဖြင့် ဝမ်းမှန်သည်။ သို့သော် အစားမှားသောနေ့ (ဥပမာ- ကောက်ညှင်းစားမိသောနေ့၊ လက်ဖက်ရည်၊ ကော်ဖီ အတော်များများသောက်မိသောနေ့)၊ ခရီးသွား ၍ ကားပေါ်တွင် အထိုင်များသောနေ့ စသည့်နေ့များ တွင်သာ ဝမ်းချုပ်လေ့ရှိခြင်းသည် သာမန်ဝမ်းချုပ်ခြင်း သာဖြစ်သည်။
စာရေးသူကိုယ်တိုင် ဤအမျိုးအစားတွင် ပါဝင် သည်။ တစ်နေကုန်ကားစီးပြီး ခရီးသွားရသည့်အချိန် မျိုးတွင် ဝမ်းချုပ်တတ်သည်။ ဝမ်းချုပ်ရခြင်းမှာလည်း သတိထားပြီး အစားဆင်ခြင်သောကြောင့် ဖြစ်သည်။ စာရေးသူခရီးသွားလျှင် တွေ့ရာရေမသောက်၊ ရေစိမ်း မသောက်၊ ရေနွေးကြမ်းကိုသာ အသောက်များသည်။ ရောက်လေရာအရပ်တွင် ထမင်းဟင်းများ စားလေ့မရှိ၊ လက်ဖက်ရည်နှင့် မုန့်အခြောက်များသာ စားသည်။ ပြီးလျှင် ရေနွေးကြမ်းသောက်သည်။ ဤကဲ့သို့ အကျင့်ပြုလုပ် ထားခြင်းမှာ ခရီးသွားရင်း ဝမ်းပျက်၊ ဝမ်းလျှောမည် ကြောက်သောကြောင့် ဖြစ်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် မန္တလေးမှရန်ကုန်သို့ ခရီးသွား ရမည်ဖြစ်ရာ ညနေခြောက်နာရီကားမထွက်မီ မန္တလေး၌ နာမည်ကြီးသော မြီးရှေကို ဝက်သားနှင့် နှစ်ပွဲဆင့် ၍ အဝစားပြီး ကားပေါ်တက်ခဲ့သည်။ သူ့အကြံမှာ ဗိုက်ဝအောင်စားပြီး လမ်းခရီးတစ်လျှောက် တစ်ညလုံး ကားပေါ်တွင် အိပ်လိုက်သွားမည်။ နံနက်လင်းသည်နှင့် ရန်ကုန်ရောက်လျှင် အိပ်ရေးလည်း ဝမည်ဟု ကြံစည်ပြီး အဝစားခဲ့ခြင်းဖြစ်သည်။
မကြာပါ။ လမ်းခရီးတစ်ထောက်နားမည့် မိတ္ထီလာ မြို့သို့မရောက်မီပင် သူ့ဗိုက်ထဲမှရစ်ပြီး နာလာသည်။ ပထမတော့ အောင့်ထားသေးသည်။ နောက်ပိုင်း မဟန်နိုင်သောအခါ ကားဆရာကို မေတ္တာရပ်ခံပြီး အခင်းကြီးသွားရသည်။ သူ ဝမ်းပျက်ပြီ။ ကားပေါ် တက်ပြီး မကြာမီမှာပင် နောက်ထပ်မနေနိုင်အောင် ဗိုက်ရစ်နာလာသဖြင့် ကားကိုရပ်ခိုင်းပြီး ဆင်းပြေး ရပြန်သည်။ သူတစ်ဦးအတွက်နှင့် တခြားခရီးသည် များ ငြိုငြင်မည်စိုးသဖြင့် ကားသမားကလည်း ရပ်မပေးချင်။ ဤသို့ဖြင့် ရန်ကုန်ရောက်သောအခါ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ တန်းပြီးသွားရသည်။ ဆေး ပုလင်းကြီးအလုံး ၂၀ ခန့်ချိတ်ပြီး ကုသလိုက်ရသည် ဟုဆိုသည်။
ထိုသူ၏အဖြစ်မျိုးကို ထိတ်လန့်သဖြင့် စာရေးသူ သည် ခရီးရှည်သွားသောအခါ အစားကိုဝအောင်၊ နင့်အောင် မစား၊ ဝမ်းပျက်၊ ဝမ်းကိုက်မည့်အစားအစာ မျိုးဖြစ်သော အသုပ်၊ မုန့်ဟင်းခါး၊ မုန့်တီ၊ မြီးရှေ စသော အစားအသောက်များကိုရှောင်လေ့ရှိသည်။ ရေနွေးကြမ်း၊ ရေကျက်အေး စသည်တို့ကိုသာ ရောက်လေရာအရပ်တွင် သောက်သည်။ အစားကို လမ်းခရီးတစ်လျှောက်လုံး သတိထားပြီးစားသည်။ ဝမ်းပျက်မည့်အစာမဖြစ်စေရန် အထူးသတိထားသည်။
ခရီးသွားသောအခါ ကားပေါ်တွင် အထိုင်များ၍ ဖြစ်သော သာမန်ဝမ်းချုပ်ခြင်းမှာ ကိုယ်လက်များ ညောင်းကိုက်ခြင်း၊ ခါးအောက်ပိုင်း တောင့်တင်းခြင်း များဖြစ်လေ့ရှိသော်လည်း ရေအေးပုံမှန်ပြန်သောက် ခြင်း၊ သစ်သီးစားခြင်း၊ သစ်သီးဖျော်ရည်များ သောက် ခြင်းဖြင့် နောက်တစ်ရက်၊ နှစ်ရက်တွင် ပုံမှန်ပြန်ဖြစ် နိုင်သည်။ စာရေးသူမှာ သင်္ဘောသီးမှည့်စားခြင်း၊ ငှက်ပျောသီးဖီးကြမ်းကို ညအိပ်ရာ ဝင်ချိန်တွင် စား ခြင်းဖြင့် ဝမ်းမှန်အောင်ပြန်လုပ်လေ့ရှိသည်။
နံနက် သင်္ဘော၊ ည ငှက်ပျောဟုဆိုသော ရှေး လူကြီးများစကားမှာ ဝမ်းမှန်အောင်သွားစေရန် ဓာတ်စာ ပေးခြင်းဖြစ်သည်။ အားဆေးမဟုတ်ပါ။ ဝမ်းမှန်လျှင် နေကောင်းကျန်းမာမည်ဖြစ်သဖြင့် နံနက်ရော ညပါ အသီးအနှံစားဖြစ်အောင် အကြံပေးထားခြင်း၊ စာဆို ဖြင့် မှတ်ရလွယ်အောင် ပေးထားခြင်းလည်း ဖြစ်နိုင် သည်။
နံနက်ခင်း အစားတစ်ခုခုစားပြီးနောက် သင်္ဘောသီး မှည့်ကို အချိုပွဲသဘောမျိုးစားပေးခြင်းသည် အလွန် ကောင်းသောအကျင့်ဖြစ်သည်။ သင်္ဘောသီးမှည့်တွင် ပါဝင်သော အစေးဓာတ်သည် အစာကြေစေသည်။ အစာခြေခြင်းကို အထောက်အကူပြုစေသည်။
ထို့အတူ ညစာစားပြီးချိန်တွင် ဖီးကြမ်းငှက်ပျော သီးစားပေးခြင်းဖြင့် ညအိပ်ရာဝင်ချိန်တွင် လေပူကို ဖိိပေးသဖြင့် ကောင်းစွာအိပ်ပျော်စေနိုင်သည်။ ငှက် ပျောသီး၏ အာနိသင်ကြောင့် နောက်တစ်နေ့ နံနက် အိပ်ရာထချိန်တွင် ဝမ်းပျော့ပျော့သွားစေနိုင်သည်။ ဖီးကြမ်းငှက်ပျောက ဝမ်းချုပ်ခြင်းနှင့် စမြင်း ခံခြင်းကို ကာကွယ်နိုင်သည်။ သာမန်အဆင့် ဝမ်းချုပ်ခြင်းကို ဖြေရှင်းနိုင်သည့် တခြားနည်းလမ်း များစွာရှိသေးသည်။
လမ်းများများလျှောက်ခြင်း
လမ်းများများလျှောက်ခြင်းဖြင့် အူမကြီးအတွင်းမှ အစာဟောင်းများသည် အောက်သို့ သက်ဆင်းလာ နိုင်သည်။ အောက်သို့စုန်သော လေသည်လည်း လှုပ်ရှားမှုဖြစ်ကာ ဝမ်းသွားမှုလွယ်ကူစေရန် တွန်းအား ပေးနိုင်သည်။ အူမကြီးအဆုံး စအိုဝရှိ သွေးကြော အထုံးများနှင့် ဝမ်းကိုညှစ်ပေးသည့် ကြွက်သားများ မှာလည်း သွေးစီးဆင်းမှုအားကောင်းသဖြင့် ဝမ်းကို လွယ်ကူစွာညှစ်အားပေးနိုင်သည်။ အထိုင်များပြီး ဝမ်းချုပ်၊ စမြင်းခံရောဂါရှိသူများနှင့် လိပ်ခေါင်းရောဂါ ရှိသူများသည် လမ်းများများလျှောက်ခြင်းဖြင့် သာမန် အဆင့် ဝမ်းချုပ်ခြင်းကို ဖြေရှင်းနိုင်သည်။
ဘုရားရှင်လက်ထက်က ရဟန်းများကို ဆွမ်းတစ်နပ် ရစေရန် ခြေကျင်ခရီးဖြင့် ဆွမ်းခံကြွစေသော ကြောင့် ဣရိယာပုတ်မျှတပြီး ရဟန်းများ ကျန်းမာကြသည်ဟု ဆိုသည်။ ရပ်၊ ထိုင်၊ လျောင်း၊ သွား ဣရိယာပုတ် လေးပါးမျှတအောင် ကျင့်ကြံနေထိုင်သောသူသည် ကျန်းမာသည်ဟုဆိုသည်။
တစ်ရက်လျှင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နာရီဝက်ခန့်လမ်းလျှောက်ပေးခြင်းဖြင့် သက်ကြီးရွယ်အို များတွင် ကျန်းမာရေးကောင်း၍ ဝမ်းလည်းမှန်စေနိုင် သည်။ ဝမ်းနုတ်ဆေး စားစရာမလိုဘဲ ခြေကျင်သွား သောအကျင့်ကို ကျင့်သုံးခြင်းဖြင့် သာမန်အားဖြင့် အသက်ကြီးသူများ ဖြစ်လေ့ဖြစ်ထရှိသော ဝမ်းချုပ် ခြင်းရောဂါကို ဖြေရှင်းနိုင်သည်။
ရေများများသောက်ခြင်း
ရေသောက်ခြင်းသည် အလွယ်ကူဆုံးသော ဝမ်းမှန် ဆေးဖြစ်သည်။ အထူးသဖြင့် ညအိပ်ရာဝင်နှင့် နံနက် စောစောအိပ်ရာထချိန်တွင် ရေအဝသောက်သော သူများသည် ဝမ်းမှန်၍ကျန်းမာသည်။ သန့်ရှင်းသော အစာသစ်အိမ်၊ အူသိမ်၊ အူမနှင့် အစာဟောင်းအိမ်တို့ရှိစေလိုလျှင် ရေများများသောက်ရမည်ဟု ကျန်းမာရေးလမ်းညွှန်သည့် စာအုပ်များကဆိုသည်။
ပူပြင်းသောရာသီတွင် ချွေးထွက်၊ ရေငတ်သဖြင့် ရေများများသောက်ကြသော်လည်း အေးသော ဆောင်း ရာသီတွင် ရေသောက်နည်းကြသည်။ ထို့ကြောင့် အာခေါင်ခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အစာမကြေ ခြင်း၊ ဝမ်းချုပ်ခြင်းရောဂါများသည် ဆောင်းဥတုတွင် ပို၍ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။
နေ့စဉ်စားသောက်သည့် အသီးအနှံနှင့် အရည် သောက်ဟင်းများတွင် ရေဓာတ်များစွာပါဝင်သဖြင့် အပိုအားဖြင့် တစ်ရက်လျှင် ရေလေးပုလင်းခန့် သောက်ပေးလျှင် ခန္ခာကိုယ်အတွက် လိုအပ်ချက် ပြည့်စုံ မည်ဟု ယူဆရပေသည်။
အိပ်ရာဝင်၊ အိပ်ရာထ ရေသောက်သောအကျင့် ကို လေ့ကျင့်ပေးလျှင် သာမန်အားဖြင့် ဝမ်းချုပ် သောပြဿနာဖြေရှင်းနိုင်မည်မှာ အသေအချာဖြစ် သည်။ အိပ်ရာဝင်ခါနီး အစားစားလေ့ရှိသူများမှာ ရေများများမသောက်နိုင်ကြပေ။ အိပ်ရာမဝင်မီ နှစ်နာရီ ခန့်အချိန်မှစ၍ အစားမစားဘဲနေလျှင် အိပ်ရာဝင်ခါ နီးတွင် ရေမတ်ခွက်တစ်ခွက်ခန့် သောက်နိုင်ပေလိမ့် မည်။ အိပ်ရာမှ နိုးထချိန်တွင်လည်း ရေမတ်ခွက်တစ်ခွက်ခန့် သောက်ပေးခြင်းဖြင့် ဝမ်းမှန်စေသော အလေ့အကျင့်ကို ပြုလုပ်သင့်ပေသည်။
အသီးအနှံများများစားခြင်း
အသီးအနှံစားခြင်းသည် ဝမ်းချုပ်ခြင်းကို ဖြေရှင်း နိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ အသီး အနှံကို အစိမ်းအတိုင်းမစားနိုင်ပါက ဖျော်ရည်ပြုလုပ် ၍ သောက်ခြင်းဖြင့်လည်း ဝမ်းမှန်စေနိုင်သည်။ တချို့ သောသူများ သစ်သီးအစိမ်းစားခြင်းကို နှစ်သက်ကြ သော်လည်း တချို့မှာ မနှစ်သက်ကြပေ။ ငှက်ပျော သီးကို စားရန်လွယ်ကူသဖြင့် လူအတော်များများ ထမင်းစားပြီးလျှင် စားလေ့ရှိကြသည်။ ပန်းသီး၊ သစ်တော်သီး စသောအခွံနွှာပြီး ခွဲစိတ်စားရမည့် အသီးအနှံများကို အဆင်သင့်မစားနိုင်လျှင် ကရိကထ များသဖြင့် မစားဖြစ်ကြပေ။ ဝမ်းမှန်သောအလေ့ အကျင့်ရစေရေး အသီးအနှံကြိုက် နှစ်သက်သော အလေ့အကျင့်ကို မွေးမြူရန်လိုအပ်သည်။
နေအိမ်ထမင်းစားပွဲများပေါ်တွင် အသီးအနှံများ ချထားပေးခြင်းသည် အလှအပဖြစ်ရုံသာမက အစား စားချင်စိတ်ကိုလည်း နှိုးဆွပေးရာရောက်သည်။ အလွယ်တကူစားနိုင်သော သီးမွှေးငှက်ပျော၊ ဖီးကြမ်း ငှက်ပျော စသည်တို့ကို ထမင်းစားပွဲပေါ်တွင် တင်ထား သင့်ပေသည်။
ဆားခါးသောက်ခြင်းအကျိုး
ဆားခါးဟင်းစားဇွန်း တစ်ဇွန်း၊ ရှောက်ရည် ဟင်းစားဇွန်းသုံးဇွန်း၊ ပျားရည် ဟင်းစားဇွန်း တစ်ဇွန်း ဖျော်စပ် ၍ သောက်ခြင်းဖြင့် နံနက်အိပ်ရာထချိန်တွင် ဝမ်းသွား စေနိုင်သည်။
ဆားခါးသည် ဝမ်းနုတ်ဆေးအပျော့စားမျိုးဖြစ် သည်။ လူကိုအန္တရာယ်မပြုတတ်ပေ။ ဆားရိုးရိုး သို့မဟုတ် ဆားလှော်ကို ရေဖျော်သောက်လျှင် ဝမ်း သက်သည်မှာ မှန်သော်လည်း သွေးအတွင်းသို့ ဆား ဓာတ်များ ရောက်သွားသောအခါ သွေးတိုး၊ သွေးပေါင် ချိန်တက်လာနိုင်သည်။ သွေးတိုးရှိသူများသည် ဆား နှင့်လုံးဝမသင့်ပေ။ ဆားခါးသည် သွေးပေါင်ကို မတက်စေနိုင်။ အူတွင်းမှ အရည်ဓာတ်ကို စုပ်ယူပြီး အူမကြီးတွင်ရောက်နှင့်နေသော ဝမ်းပုပ်ဝမ်းဟောင်း များကို အောက်သို့သက်အောင် ဆားခါး က ကူညီပေး နိုင်သည်။
မန်ကျည်းမှည့်စားသုံးခြင်းအကျိုး
အိမ်ရှင်မများအတွက် ဟင်းချက်ရာတွင် အထောက်အကူပြုသည့် မီးဖိုချောင်သုံး အမည်တစ်မျိုးလည်း ဖြစ်သည်။ မြန်မာတို့အကြိုက် ချဉ်ရည်ဟင်းချက် လျှင် မန်ကျည်းမှည့်သည် ပါစမြဲဖြစ်သည်။ ငါးကို ကြော်ပြီး မန်ကျည်းမှည့်ရည်နှင့် ပြန်ချက်သောဟင်းသည် အလွန်စားကောင်းသည်။ ငါးခူ ကြော်ချက် ဟင်းသည် တချို့ထမင်းဆိုင်များတွင် လူကြိုက်များသော ဟင်းလျာဖြစ်သည်။
မန်ကျည်းမှည့်၏ အချဉ်ဓာတ်သည် စူးရှသောအချဉ် မျိုးမဟုတ်။ အချိုဓာတ်နှင့်တွဲသော အချဉ် တစ်မျိုးဖြစ် သည်။ တစ်ခါတစ်ရံ အချိုကပိုနေသေးသည်။ အချို များများစားလျှင် ဝမ်းချုပ်တတ်သည်ဟု ဆိုသော်လည်း မန်ကျည်းမှည့်မှာ ဝမ်းသက်သောအချိုဖြစ်သည်။
တချို့အရပ်ဒေသများတွင် မန်ကျည်းမှည့်နှင့် ဆားပုပ်ခဲ၊ မန်ကျည်းမှည့်နှင့်လျက်ဆားကို ဆေးသဖွယ် လုံးထားပြီး လူကြီးများလေဆေးအဖြစ် စားလေ့ရှိသည်။ တချို့ကလည်း လေပုပ်ထုတ်ဆေးကို ပရဆေးဆိုင်မှ ဝယ်ယူပြီး မန်ကျည်းမှည့်နှင့်ဆေးသဖွယ် အလုံးကလေးများပြုလုပ်ကာ နေလှန်းပြီး ဖန်ပုလင်းတွင် သိမ်းထားကာ ဝမ်းမှန်လေသက်စေရန် နေ့စဉ် စားလေ့ရှိကြောင်း လေချုပ်၊ ဝမ်းချုပ်သူ များ အသုံးပြုနိုင်ရန် နည်းလမ်းများ ရေးသားတင်ပြလိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)