ကမ္ဘာ့နိုင်ငံများအား ဆိုးရွားစွာခြိမ်းခြောက်လာသည့် ရာသီဥတုပြောင်းလဲမှု

ကမ္ဘာ့နိုင်ငံများအား ဆိုးရွားစွာခြိမ်းခြောက်လာသည့် ရာသီဥတုပြောင်းလဲမှု

ယခုအခါ  ကမ္ဘာ့နိုင်ငံအများအပြားက ကြုံတွေ့နေရသည့်  ရာသီဥတုပြောင်းလဲမှု သည် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များကြား အရေးတကြီးဆွေးနွေးစရာကိစ္စရပ် တစ်ခုဖြစ်လာခဲ့သည်ကို တွေ့ရှိရသည်။ အကြောင်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အခြေအနေများသည် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် တစ်ကမ္ဘာလုံးအတွက် တည်ငြိမ်ရေးအပေါ်  ဆိုးရွားစွာ သက်ရောက်လာ ခြင်းကြောင့်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲ အကျိုးဆက်များကို လေ့လာမည်ဆိုပါက မိုးခေါင်မှု၊  အပူချိန် စံချိန်တင်မြင့်တက်မှု၊ ရေလျှံရေကြီးမှု စသည့်ဆိုးရွားသောရာသီဥတုအခြေအနေများကို ဖြစ်ပေါ်စေသည့် အပြင် ပင်လယ်ရေမျက်နှာပြင်များ ထူးခြားစွာမြင့်တက်လာခြင်းနှင့် နိုင်ငံအများအပြား၌ ရာသီဥတု ပြောင်းလဲမှုကြောင့် အကျိုးဆက်အဖြစ်  ဆင်းရဲမှုမြင့်တက်လာခြင်းတို့ကို တွေ့ရမည်ဖြစ်သည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှု၏သဘောသဘာဝများကို   ကမ္ဘာ့နိုင်ငံအများအပြား၌ လက်ရှိဖြစ်ပွားသည့် မုန်တိုင်းတိုက်ခတ်မှုများ၊ တောမီးလောင်ကျွမ်းမှုများ၊ အာဖရိကဒေသတွင် ဖြစ်ပွားနေသည့် ပိုမိုဆိုးရွား သောမိုးခေါင်မှုများ၊ အာရှဒေသနိုင်ငံများရှိ ရေကြီးမှုများနှင့် ဥရောပနှင့်အမေရိကန်တို့တွင်   ဖြစ်ပွားနေ သည့် တောမီးလောင်မှုများက အထင်အရှားပြသလျက်ရှိသည်။

လက်ရှိတွင် ဥရောပတောင်ပိုင်းရှိ နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့်  သက်ရောက်မှုများကို ဆိုးရွားစွာ  ရင်ဆိုင်တွေ့ကြုံနေရသည်။

ယင်းမှာအခြားမဟုတ်။ အာဖရိကဒေသမှ လေနွေးတိုက်ခတ်မှုများ ပိုမိုမြင့်တက်လာခြင်းကြောင့်    ယင်းနိုင်ငံများအတွင်းရှိ အပူချိန်မှာ စံချိန်တင်မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် အီတလီ၊ ဂရိနှင့် စပိန်နိုင်ငံတို့သည် အပူချိန်မြင့်တက်မှုနှင့် ကြုံတွေ့ရလျက်ရှိသည်။ ယင်းနိုင်ငံများအတွင်း အပူချိန်သည် ၄၀ ဒီဂရီကျော်အထိ မြင့်တက်လာပြီး မကြာမီအနာဂတ်ကာလတွင် အခြေအနေမှာ ပိုမိုဆိုးရွားလာ နိုင်သည်ဟု ခန့်မှန်းထားသည်။

ထို့ကြောင့် ဥရောပတောင်ပိုင်းနှင့် ဘောလ်ကန်ဒေသရှိ နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်းရှိ မြို့ကြီး ပြကြီးများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို တုံ့ပြန်နိုင်ရေး အတွက် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို ချမှတ်ဖော်ဆောင်ခဲ့ရသည်။ အထူးသဖြင့်    ယင်းနိုင်ငံများအတွင်းရှိ သက်ကြီးရွယ်အိုများကို ကာကွယ်ရန်အတွက်ဖြစ်သည်။

ထို့ပြင် မြင့်တက်လာသည့်အပူချိန်ကြောင့် အီတလီနိုင်ငံတောင်ပိုင်းနှင့် မြောက်မက်ဆီဒိုးနီးယား တို့တွင် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းတောမီးများကိုထိန်းချုပ်နိုင်ရေးအတွက် လေယာဉ်ကို အသုံးပြု၍ ဝေဟင်မှရေပူဖောင်းများချ၍ မီးငြှိမ်းသတ်ရန် အရေးပေါ်အဖွဲ့အစည်းများက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များကို တောင်းဆိုခဲ့ရကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

ဂရိနိုင်ငံတွင်လည်း အပူချိန်မြင့်တက်လာခြင်းကြောင့် အစိုးရက အများပြည်သူများ နှင့်သက်ဆိုင်သည့် နေရာများတွင် လေအေးပေးစက်များကို တပ်ဆင်ပေးခဲ့ရသည့်အပြင် ကာယလုပ်သားများ၊ အမြန်ချောပို့ လုပ်သားများနှင့် ဆောက်လုပ်ရေးလုပ်သားများအား အပူချိန်မြင့်တက်နေစဉ် လုပ်ငန်းခွင်မဝင်ကြရန် တားမြစ်ခဲ့ရသည်။ ထို့ပြင် ဥရောပတောင်ပိုင်းရှိ နိုင်ငံအချို့တွင် အပူချိန်သည် ဇူလိုင်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ၄၂ ဒီဂရီအထိ   မြင့်တက်လာခဲ့သည်။ စပိန်နိုင်ငံတောင်ပိုင်းရှိ  အချို့ဒေသများ၌ လာမည့် ရက်ပိုင်းအတွင်း အပူချိန်သည် ၄၄  ဒီဂရီအထိမြင့်တက်လာနိုင်သည်ဟု စပိန်မိုးလေဝသဌာနက ခန့်မှန်း ထားသည်။

အလားတူပင် အီတလီနိုင်ငံတွင်လည်း တောမီးလောင်ကျွမ်းမှုများကြောင့် ယခုရက်သတ္တပတ် အစောပိုင်းမှာပင် အာဏာပိုင်အဖွဲ့အားဖုန်းဆက်၍   သတင်းပေးပို့မှုအကြိမ်ပေါင်း ၁၈ ကြိမ်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ထားသည်။ ထို့ပြင် နိုင်ငံအတွင်း၌  အပူချိန်မြင့်တက်မှု ကြောင့် အီတလီကျန်းမာရေးဝန်ကြီးဌာနက  အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။  အဆိုပါသတိပေးချက်သည်  အပူချိန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ အမြင့်ဆုံးအဆင့်ဖြစ်ပြီး  ရောမမြို့တော် အာဏာပိုင်အဖွဲ့ကလည်း အပူချိန်မြင့်တက်လာမှုကြောင့် မြို့တော်ရှိတိရစ္ဆာန်ရုံကို အအေးပေးစနစ် အသုံးပြု၍ အအေးပေးခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း ထူးခြားသည့် အပူချိန်မြင့်တက်လာမှုကြောင့် ယခုလအတွင်း   အစိုးရက သတိပေးချက်များကို ထုတ်ပြန်ခဲ့ရပြီး လူဦးရေသန်းပေါင်း ၇၀ ကျော်သည် အပူလှိုင်း ဖြတ်သန်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် အပူချိန်မြင့်တက်မှုကြောင့် နိုင်ငံအတွင်း၌ လူသေဆုံးမှုများ လည်းဖြစ်ပွားခဲ့သည်။ ဇူလိုင်လ ၇ ရက်တစ်ရက်တည်းမှာပင် ကယ်လီဖိုးနီးယားရှိ အချို့နေရာ၌ အပူချိန် မှာ ၅၃ ဒသမ ၃ ဒီဂရီအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် နီဗားဒါးပြည်နယ်ရှိ လက်စ်ဗေးဂက်မြို့တွင်လည်း အပူချိန်မှာ စံချိန်တင်မြင့်တက်ခဲ့သည်။ ထို့ကြောင့် နယူးယောက်မြို့တော်အာဏာပိုင်အဖွဲ့က မြို့တော်ရှိ အချို့နေရာများတွင် အပူချိန်ကို လျှော့ချနိုင်ရန်အတွက် လမ်းမကြီးများအပေါ် နာရီအတော်များများ မိုးအတုရွာသကဲ့သို့ ရေလောင်းပေး ခဲ့ရသည်။

ကနေဒါနိုင်ငံတွင်လည်း အပူချိန်ဆိုးရွားစွာမြင့်တက်မှုကြောင့် တောမီးလောင်ကျွမ်းမှု ၄၀၀ ကြိမ်ဖြစ်ပွား ခဲ့ပြီး ၎င်းတို့အနက် တောမီးလောင်မှုတစ်ခုမှာ ထိန်းသိမ်းရခက်ခဲခဲ့ကြောင်း ကနေဒါအစိုးရက ထုတ်ပြန်သည်။

ထို့ပြင် အယ်လ်ဘေးနီးယားနိုင်ငံတွင်လည်း အပူချိန်မှာ ၄၂ ဒီဂရီအထိမြင့်တက်ခဲ့ခြင်းကြောင့် လူသေဆုံး မှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကြား အရေးတကြီး ဆွေးနွေးရမည့် အကြောင်းအရာ တစ်ရပ်ဖြစ်လာခဲ့သည်ဆိုသည်မှာ ငြင်းဆို၍ မရနိုင်သော အရာဖြစ်လာခဲ့ပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Ref: CD, Lemonde

နိုင်အောင်

Dates: 
Friday, July 19, 2024 - 08:28