မကွေးမြို့တွင် ရှစ်ခန်းတွဲ ငါးထပ် ဝန်ထမ်းအိမ်ရာတစ်လုံးဆောက်လုပ်မည်

မကွေး၊ ဆောက်လုပ်ရေး

မကွေးတိုင်းဒေသကြီး မကွေးမြို့ပေါ်၌ ဈေးနှုန်းသက်သာစွာ ငှားရမ်းနေထိုင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာ တစ်လုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၉၉၀ ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ဝင်းထံမှသိရသည်။

“နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ မိမိတို့တာဝန်ကျရာဒေသမှာ ဌာနက ဝန်ထမ်းအိမ်ရာနှင့် ဝန်ထမ်းလိုင်းခန်း တွေမရရှိကြတဲ့အတွက် အပြင်မှာ ဈေးနှုန်းကြီးကြီး ငှားရမ်းနေထိုင်ကြရတဲ့ ဝန်ထမ်းတွေအတွက် ဈေးနှုန်း သက်သာစွာ ငှားရမ်းနေထိုင်နိုင်ရန် ဆောက်လုပ်ခြင်း ဖြစ်ပါတယ်။ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ရှစ်ခန်းတွဲငါးထပ် ဝန်ထမ်းအိမ်ရာတစ်လုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၉၉၀ ဖြင့် ဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မကွေးမြို့ပေါ်၌ နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ငှားရမ်းနေထိုင်စေရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း ဝန်ထမ်းအိမ်ရာ ခုနစ်လုံး၊ အခန်းပေါင်း ၁၅၂ ခန်းကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာတစ်လုံး၊ အခန်း ၄၆ ခန်းကိုလည်းကောင်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ အခန်း ၄၈ ခန်းကိုလည်းကောင်း ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာအခန်းငှားခအနေဖြင့် အရာထမ်းဖြစ်ပါက လစာ၏ ၅ ရာခိုင်နှုန်း၊ အမှုထမ်းဖြစ်ပါက လစာ၏ ၃ ရာခိုင်နှုန်းတို့ကို လစဉ်ပေးဆောင်ရကြောင်း မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ဘုန်းလကျ်ာ(မင်းဘူး)