ဆောင်းကြက်သွန်ပြန်လည်စိုက်ပျိုးချိန်ထိ ကြက်သွန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေ

ကျောက်ပန်းတောင်း၊ စိုက်ပျိုးစီးပွား

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက်တောင်သူများ  ဆောင်းကြက်သွန်နီပြန်လည်စိုက်ပျိုးချိန်တွင် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကျောက်ပန်းတောင်းမြို့ ချိုကြီးပွဲရုံပိုင်ရှင် ဦးမြင့်ချိုထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်  ပတ်ဝန်းကျင်ကျေးရွာများသည် ဆောင်းကြက်သွန်နီ ခေါ် လှောင်ကြက်သွန်များကို အမြောက်အမြား စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကာ ကြက်သွန်ပျိုး ထောင်ခြင်းကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြပြီး ကြက်သွန်ပျိုးသက် ၄၅ ရက်တွင် စိုက်မည့်အခင်းထဲ ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ ချောင်းကြက်သွန်ခင်းများကို နံနက်၊ ညရေ နှစ်ကြိမ်လောင်းရပြီး ကုန်းကြက်သွန်စိုက်ပျိုးသူများ မြောင်းဖြင့် ရေသွင်းစိုက်ပျိုးပါက ငါးရက်တစ်ကြိမ် ရေသွင်းကြောင်းနှင့် ရေဖျန်းပါက နှစ်ရက်တစ်ကြိမ် ဖျန်းပေးရကြောင်း သိရသည်။

ကြက်သွန်စိုက်ပျိုးချိန် စရိတ်စက အလွန်ကြီးမြင့်ကာ နွားရှဉ်းထွန်ယက်ခတစ်နံနက်လျှင် ငွေကျပ် ၁၀၀၀၀၊ ထွန်စက်ထွန်ခ တစ်နာရီလျှင် ငွေကျပ် ၂၂၀၀၀၊ ကြက်သွန်စိုက်သမတစ်ဦးကို တစ်နာရီလျှင် ငွေကျပ် ၁၀၀၀၊ လုပ်သားတစ်ဦးလျှင် ငွေကျပ် ၈၀၀၀၊ နွားချေးမြေဆီထော်လာဂျီတစ်စီးလျှင် ငွေကျပ် ၃၅၀၀၀၊ ကြက်သွန် မျိုးစေ့တစ်ပြည်လျှင်  ငွေကျပ် ၄၀၀၀၀၊ ငုံးချေး၊ ကြက်ချေးမြေဆီ တစ်တင်းခွဲဆံ့တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၊ နှမ်းဖတ်အမှုန့်ကြဲပက်ခြင်း၊ စက်ဆီဖိုး၊ ရွက်ဖျန်းဆေး၊ ကြက်သွန်နုတ်သိမ်းချိန် နုတ်ခ၊ သယ်ယူခ နှင့်လုပ်အားခပေါင်းပါက ကြက်သွန်တစ်ဧကစိုက်ပျိုးစရိတ် ငွေကျပ် သိန်း ၂၀ ခန့်ကုန်ကျကြောင်း လဲဂွကျေး ရွာရှိ ကြက်သွန်စိုက်တောင်သူ  ဦးတင်ထွန်းအောင်က ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်သွန်စိုက်တောင်သူများသည် ကြက်သွန်နီပေါ်ချိန်တွင် ကြက်သွန် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ သာ  အများဆုံးရောင်းချရပြီး ယခုအခါ ကြက်သွန်တစ်ပိဿာလျှင် ငွေကျပ် ၃၅၀ မှ ၄၀၀ သာ ရောင်းချနေရခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ အရင်းအနှီးပင်ခက်ခဲသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။

ကိုထိန်၊ KPD