ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တည်ထောင်သည့်(၂၇)နှစ်မြောက်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့်သဝဏ်လွှာ

မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည့် ခိုင်မာသောကတိကဝတ်ကို ထပ်လောင်းအတည်ပြု

ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တည်ထောင်သည့်(၂၇)နှစ်မြောက်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့်သဝဏ်လွှာ

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖွဲ့စည်းတည်ထောင်မှု (၂၇) နှစ် ပြည့်မြောက်သော မင်္ဂလာရှိသည့် အထိမ်းအမှတ် အခါသမယ တွင် ကျွန်ုပ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးတို့ကို ဆုမွန် ကောင်းများ ပို့သအပ်ပါသည်။

(၂၇)နှစ်တာအတွင်း ဘင်းမ်စတက်သည် ၁၉၉၇ ခုနှစ်၊ ဗန်ကောက်ကြေညာစာတမ်းတွင် ပြဋ္ဌာန်းထား သည့် မူဝါဒများကိုအခြေခံသည့် စုပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း လူမှု-စီးပွားဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာယန္တရားများကို ခိုင်မာမှုရှိအောင် ဆောင်ရွက်နိုင်ခြင်းစသည့် ထင်သာ မြင်သာရှိသော တိုးတက်မှုများ ရရှိခဲ့ပါသည်။

ဘင်းမ်စတက်သည် ဒေသတွင်းနိုင်ငံများပူးပေါင်းဆောင်ရွက်မှုအတွက် စင်္ကြံတစ်ခုအဖြစ်သာမက အဖွဲ့ဝင် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်လေးစားမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများကိုလည်း တိုးတက်ခိုင်မာစေသည့်အတွက်  ကျွန်ုပ်အနေဖြင့်  ဂုဏ်ယူဝမ်းမြောက် မိပါသည်။ ထို့ပြင် အပြန်အလှန်အထောက်အကူပြုခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်း လျက် ဒေသတွင်း လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက်  ပူးပေါင်းဆောင်ရွက်သွားမည့် ကျွန်ုပ်တို့၏ မြဲမြံသောကတိကဝတ်များကို ဘင်းမ်စတက် ပဋိညာဉ်စာတမ်းက အထင်အရှား ပြသနေပါသည်။

စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ဖြေရှင်းရာတွင် ဘင်းမ်စတက်မူဘောင်အောက်မှ စုပေါင်းအင်အားဖြင့် ကြိုးပမ်းနိုင်ခဲ့သည့်အတွက် ကျွန်ုပ်အနေနှင့်အဖွဲ့ဝင်နိုင်ငံအားလုံးကို အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ဘင်းမ်စတက်ပဋိညာဉ်စာတမ်း၏ လမ်းညွှန်မှုဖြင့် ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှု နှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုများက အနာဂတ်စိန်ခေါ်မှုများကို ဆက်လက်ကျော်လွှားနိုင်မည့် အဓိကအရာများ ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။

ယနေ့ကျရောက်သည့် ဘင်းမ်စတက်၏ (၂၇) နှစ်ပြည့် အထိမ်းအမှတ်အခါသမယတွင် မြန်မာနိုင်ငံ အနေဖြင့် ဘင်းမ်စတက် ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည့် ခိုင်မာသောကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။

ဘင်းမ်စတက်သည် ပိုမိုခိုင်မာ၍ ထိရောက်သော အဖွဲ့အစည်းဖြစ်လာပါစေကြောင်းနှင့်  ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ် ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နေပြည်တော်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်။