ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
ဝါဆိုလပြည့်နေ့သည် မင်္ဂလာရှိပြီး မြင့်မြတ်သောလပြည့်နေ့ဟု မှတ်ယူနိုင်ခဲ့ကြသည်။ ထိုသို့မှတ်ယူခဲ့ရခြင်းမှာ ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားဂေါတမအလောင်းတော်သည် မယ်တော်မာယာဒေဝီ၏ ဝမ်းကြာတိုက်၌ သန္ဓေယူသောနေ့ဖြစ်သည်။ သိဒ္ဓိတ္ထမင်းသားဘဝတွင် နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီးသံဝေဂရရှိသွားကာ ရွှေနန်းစည်းစိမ်အားလုံးကို စွန့်ခွာ၍ တောထွက်တော်မူပါသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး တရားဦးဒေသနာဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ်(ဓမ္မစကြာ) တရားတော်ကို ဟောတော်မူပါသည်။ တုဖက်၍ယှဉ်ပြိုင်လာသော တိတ္ထိတက္ကတွန်းများကိုနှိမ်နင်းရန်အတွက် ရေမီးအစုံတန်ခိုးပြာဋိဟာ ပြတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဟု မှတ်တမ်း ပြုထားပါသည်။
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဂေါတမဘုရားရှင်အဖြစ် ရောက်ရှိတော်မူပြီးနောက် မိမိသိမြင်တော်မူသည့်သစ္စာတရားကို သတ္တဝါတို့အား ဟောပြလိုသည့် စိတ်အကြံဖြစ်ပေါ်လာသည်။ အဘယ်ပုဂ္ဂိုလ်သည် ငါဟောပြသည့်တရားကို သိမြင်နားလည်နိုင်သည့် အရည်အချင်းရှိ သနည်းဟူ၍ ဆင်ခြင်ကြည့်ရှုတော်မူလေသည်။ ပထမဦးဆုံးအာဠာရနှင့် ဥဒကရသေ့နှစ်ဦးကို သတိရသည်။ ဒိဗ္ဗစက္ခုဖြင့် ကြည့်သောအခါ ထိုပုဂ္ဂိုလ်နှစ်ဦးမှာကွယ်လွန်သွားကြပြီဖြစ်ကြောင်း သိရသည်။ ထို့နောက်တစ်ဖန် ပဉ္စဝဂ္ဂီငါးဦးကို သတိရလာပြန်သည်။
ထိုပဉ္စဝဂ္ဂီ္ဂီငါးဦးသည်ကား ဘုရားရှင်ခက်ခဲသည့် အကျင့်(ဒုက္ကရစရိယာ)ကို ကျင့်စဉ်က ဘုရားဖြစ်လိမ့်နိုးနိုးနှင့် ဘုရားအလောင်းကို လုပ်ကျွေးပြုစုနေကြပြီးလျှင် ဘုရားအလောင်းခက်ခဲသည့် အကျင့်ကို စွန့်လွှတ်လိုက်သည့်အခါ စိတ်ပျက်ပြီး ထွက်ခွာသွားကြသူများဖြစ်သည်။ ထိုပဉ္စဝဂ္ဂီငါးဦးမှာ သစ္စာတရားကိုသိမြင် နားလည်နိုင်သည့် အရည်အချင်းနှင့် ပြည့်စုံကြ၏ဟု သိမြင်တော်မူ၍ မြတ်စွာဘုရားသည် ယင်းတို့ငါးဦး နေထိုင်ရာသို့ ကြွသွားတော်မူသည်။
ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ တရားဦးဓမ္မစကြာဟောကြားတော်မူသောနေ့ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရား အဖြစ်နှင့် ပထမဦးစွာဟောကြားတော်မူခဲ့သော ဓမ္မစကြာတရားတော်ကို စကြဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတစ်ရာ့ရှစ်ကုဋေနှင့် ပဉ္စဝဂ္ဂီငါးပါး စုစုပေါင်းတစ်ရာ့ရှစ်ကုဋေနှင့် ငါးပါးရှိသည်။ ဓမ္မစကြာတရားတော်ကိုနာယူပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့သည် ထိုသစ္စာတရားတော်ကို နားလည်သဘောပေါက်သွားကြပြီးလျှင် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့သည် သောတာပန်တည်တော်မူကြသည်။
ထိုပဉ္စဝဂ္ဂီ္ဂီငါးဦးတို့ကို ဓမ္မစကြာတရားဦးဟောသည့်နေရာကား ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တော ဖြစ်သည်။ ဓမ္မစကြာတရား၏အကျဉ်းချုပ်ကား ရဟန်းတို့ အစွန်းနှစ်ပါးကိုရှောင်ရမည်။ ထိုအစွန်းနှစ်ပါးကား ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်အောင် လွန်လွန်ကျူးကျူး အကျင့်ကျင့်ခြင်းနှင့် လူ့စည်းစိမ်ကာမဂုဏ်ကို လွန်လွန်ကျူးကျူး ခံစားခြင်းဖြစ်သည်။ ဓမ္မစကြာဆိုသည်မှာ သစ္စာလေးပါး အမှန်တရားကို စက်ကဲ့သို့ အဖန်ဖန် အထပ်ထပ် ဟောတော်မူသော တရားတော်ဟု အဓိပ္ပာယ်ရပါသည်။ ဓမ္မစကြာတရားတော်၏အနှစ်ချုပ်မှာ သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးဖြစ်ပါသည်။ နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂရှစ်ပါးမှာ သမ္မာဒိဋ္ဌိ(ကောင်းစွာမြင်ခြင်း)၊ သမ္မာသင်္ကပ္ပေါ (ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ (ကောင်းစွာပြောဆိုခြင်း)၊ သမ္မာကမ္မန္တော (ကောင်းစွာပြုလုပ်ခြင်း)၊ သမ္မာအာဇီဝေါ(ကောင်းစွာအသက်မွေးခြင်း)၊ သမ္မာဝါယာမော(ကောင်းစွာ အားထုတ်ခြင်း)၊ သမ္မာသတိ (ကောင်းစွာအောက်မေ့ခြင်း)၊သမ္မာသမာဓိ(ကောင်းစွာတည်ကြည်ခြင်း) ဟူ၍ဖြစ်သည်။
ကောင်းသောအသိ၊ ကောင်းဘိအကြံ၊ ကောင်းသံဆိုပြော၊ ကောင်းသောအပြု၊ ကောင်းမှုသက်မွေး၊ ကောင်းရေးလုံ့လ၊ ကောင်းထသတိ၊ ကောင်းဘိတည်ကြည်၊ ဤရှစ်မည် ဟူသည်မှာ အမှားတရား(အစွန်း တရား)နှစ်ပါးနှင့် လွတ်ကင်းသော အလယ်အလတ်ကျင့်စဉ်အမှန်တရားဖြစ်သည်။ ထိုကျင့်စဉ်ကိုပွားများ ကျင့်ကြံခြင်းဖြင့် ဒုက္ခသစ္စာ(ဆင်းရဲခြင်းအဖုံဖုံကို သိမြင်လာနိုင်သည်)၊ သမုဒယသစ္စာ(ဒုက္ခဖြစ်သော အကြောင်းများကို ပယ်ဖျောက်လာနိုင်သည်)၊ နိရောဓသစ္စာ(ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်)၊ မဂ္ဂသစ္စာ(ဒုက္ခချုပ်ငြိမ်းကြောင်း မဂ္ဂင်ရှစ်ပါးပွားများနိုင်သည်)။ ထို့ကြောင့် မဂ္ဂင်ရှစ်ပါးသည် သစ္စာလေးပါးကို မြင်နိုင်စွမ်းရှိပြီး နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာတော်ဖြစ်သည်။
ဝါဆိုလပြည့်နေ့သည် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်ကြောင်းဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခူ ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စသည်ဖြင့် ထူးခြားဂုဏ်ဒြပ်ကိုးရပ်ရှိပါသည်။ ဤသည်မှာ ဝါဆိုလပြည့်နေ့၏ ထူးခြားမွန်မြတ်ခြင်းပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။