ကုလကအလိုရှိနေပြီး အိုစမာဘင်လာဒင်နှင့် နီးစပ်သည့် အယ်လ်ကိုင်ဒါ စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို ပါကစ္စတန်ဖမ်းဆီး
ကုလသမဂ္ဂအဖွဲ့က အလိုရှိနေသည့် အယ်လ်ကိုင်ဒါစစ်သွေးကြွအဖွဲ့မှ ခေါင်းဆောင် တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပါကစ္စတန် အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့က ဇူလိုင်လ ၁၉ ရက်တွင်ပြောသည်။
ယခုဖမ်းဆီးခံထားရသည့် စစ်သွေးကြွခေါင်းဆောင် အာမင်အူဟတ်သည့် အမေရိကန်၌ ၉/၁၁ အကြမ်းဖက်မှုကို ကြိုးကိုင်စီမံခဲ့သည့် အိုစမာဘင်လာဒင်နှင့် နီးစပ်သူဖြစ်သည်။ အာမင်အူဟတ်သည် ပန်ဂျပ်ပြည်နယ်အတွင်းရှိ အရေးကြီး အဆောက်အအုံများကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည်ဟု ပါကစ္စတန်က စွပ်စွဲထားသည်။ သို့သော် ၎င်းအနေဖြင့် မည်သည့် အဆောက်အအုံများကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်းကို အသေးစိတ် မသိရသေးပေ။
ပါကစ္စတန် အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့သည် အာမင်အူဟတ်အား ဖမ်းဆီးနိုင်ရန်အတွက် ထောက်လှမ်းရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ကုလသမဂ္ဂအဖွဲ့က အာမင်အူဟတ်အား ၎င်းတို့အလိုရှိသည့် IS နှင့် အယ်လ်ကိုင်ဒါ စစ်သွေးကြွအဖွဲ့ဝင်များ စာရင်းအတွင်းသို့ ၂၀၀၁ ခုနှစ်ကတည်းက ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းစာရင်းတွင် ၎င်းအား အိုစမာဘင်လာဒင်၏ လုံခြုံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဖော်ပြထားကြောင်း သိရသည်။
အာမင်အူဟတ်သည် တာလီဘန်စစ်သွေးကြွအဖွဲ့နှင့်လည်း ဆက်စပ်နေသူဖြစ်ပြီး စစ်သွေးကြွ အဖွဲ့အစည်း များထံသို့ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးခဲ့သူ သို့မဟုတ် ရောင်းချ ပေးခဲ့သူတစ်ဦး အဖြစ်လည်း ကုလသမဂ္ဂက ဖော်ပြထားသည်။
Ref: ST