BYD က ဈေးသက်သာပြီး ခရီးပိုရောက်သည့် မော်ဒယ်အသစ် Yuan Up လျှပ်စစ်ကားကိုထုတ်လုပ်
တရုတ်နိုင်ငံမှ ကမ္ဘာ့အဆင့်မီလျှပ်စစ်ကားများကိုထုတ်လုပ်လျက်ရှိသော BYD ကုမ္ပဏီက ဈေးနှုန်းအားဖြင့် ပိုမိုသက်သာပြီး ခရီးအကွာအဝေးအားဖြင့်ပိုရောက်သည့် မော်ဒယ်အသစ် Yuan Up လျှပ်စစ်ကားကို ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။
Yuan Up သည် Compact SUV အမျိုးအစားဖြစ်ပြီး ၎င်း၏မူလမော်ဒယ်က တစ်ကြိမ်အားသွင်းလျှင် ခရီးအကွာအဝေး ၃၀၁ ကီလိုမီတာရောက်ရှိသည်။
ယခုထုတ်လုပ်လိုက်သော Vitality Edition မော်ဒယ်မှာ တစ်ကြိမ်အားသွင်းလျှင် ခရီးအကွာအဝေး ၄၀၁ ကီလိုမီတာအထိ သွားနိုင်ပြီး ဈေးနှုန်းမှာမူ ယွမ် ၉၉၈၀၀ သာကျသင့်သည်။
ထိုပမာဏသည် မူလမော်ဒယ်၏ဈေးနှုန်းထက် ယွမ် ၃၀၀၀ သာပိုများသောကြောင့် ထိုသို့သော စွမ်းဆောင်ရည်ရှိသည့် လျှပ်စစ်ကားများတွင် ဈေးနှုန်းအသင့်ဆုံးအဖြစ် သတ်မှတ်ခံရသည်။
Yuan Up ၏ Vitality Edition မော်ဒယ်မှာ မူလမော်ဒယ်နှင့် အရွယ်အစားအတူတူပင်ဖြစ်ပြီး အလျား ၄ ဒသမ ၃၁ မီတာ၊ အကျယ် ၁ ဒသမ ၈၃ မီတာ၊ အမြင့် ၁ ဒသမ ၆၈ မီတာနှင့်ရှေ့ဘီး၊ နောက်ဘီးအကွာအဝေးက ၂ ဒသမ ၆၂ မီတာရှိသည်။
ယခုမော်ဒယ်အသစ်တွင် ၄၅ ဒသမ ၁၂ ကီလိုဝပ်နာရီရှိ ဘက်ထရီကို တပ်ဆင်ပေးထားပြီး Cell to Body နည်းပညာကို ၇၀ ကီလိုဝပ်ရှိသည့် လျှပ်စစ်မော်တာနှင့် တွဲဖက်အသုံးပြုပေးထားခြင်း ဖြစ်သည်။
ထို့ပြင် အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပြီး ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိရောက်ရှိစေရန် မိနစ် ၃၀ သာကြာမြင့်မည်ဖြစ်သည်။
BYD ကုမ္ပဏီသည် ယခုနှစ်ဝက်အတွင်း Yuan Up မော်ဒယ်အစီးရေ ၄၉၀၀၀ ကျော်ကို ရောင်းချထားပြီး ဖြစ်သောကြောင့် Compact SUV ဈေးကွက်တွင် ခိုင်မာသောနေရာတစ်ခုကို ရရှိထားပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။
Ref: ArenaEV
K.H