လမြတ်ဝါဆို
ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်၍ နွေဥတုနှင့်မိုးဥတု နှစ်ခုစလုံး၌ပါဝင်သည်။ ထို့ကြောင့် နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောလဖြစ်သည်။ ဗေဒင်အရ ကရကဋ်ရာသီဟုခေါ်ပြီး ရာသီရုပ်မှာပုစွန်လုံးဖြစ်သည်။ နေ့မှာဝါဆို၊ ညမှာပြာသို ဆိုသကဲ့သို့ ညတာတို၍ နေ့တာအရှည်ဆုံးသော ရက်စုံလဖြစ်သည်။
ဝါထပ်ရခြင်းအကြောင်း သိကောင်းစရာ
မြန်မာ့ရိုးရာပြက္ခဒိန်တွင် တစ်ခါတစ်ရံ ဝါထပ်သောနှစ်ကို ကြုံတွေ့ရတတ်သည်။ ဝါထပ်သောနှစ်ဆိုသည်မှာ ဝါဆိုလကို နှစ်ကြိမ်ထပ်ပြီး ပထမဝါဆိုလနှင့် ဒုတိယဝါဆိုလဟူ၍ သတ်မှတ်ရေတွက်ထားသည့် နှစ်ကို ဆိုလိုသည်။
ကမ္ဘာက နေကိုလှည့်ပတ်ရာတွင် ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် ကြာမြင့်သည်။ ထို့ကြောင့် အင်္ဂလိပ်နှစ် တစ်နှစ်ကို ၃၆၅ ရက် ထားခြင်းဖြစ်သည်။ ထို့ပြင် ၆ နာရီ အစွန်းအတွက် လေးနှစ်တစ်ကြိမ် တစ်ရက်တိုးသလို မြန်မာကလည်း ၂၉ ရက် ၆ လ၊ ရက် ၃၀ ကို ၆ လထားသဖြင့် မြန်မာနှစ်တစ်နှစ်မှာ ၃၅၄ ရက်သာရှိသည်။ သို့ဖြစ်၍ အင်္ဂလိပ်တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် မြန်မာနှစ်တစ်နှစ်မှာ ၁၁ ရက် လိုသည်။
အင်္ဂလိပ်နှစ်မှာ လေးနှစ်ကြာလျှင် တစ်ရက်တိုးသလို ရှစ်နှစ်ကြာလျှင်လည်း နှစ်ရက်တိုးသွားသည်။ မြန်မာနှစ်ကမူ အင်္ဂလိပ်တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် တစ်နှစ်လျှင် ၁၁ ရက်လိုသဖြင့် ရှစ်နှစ်ဆိုပါမူ ၈၈ ရက် လိုသည်။ အင်္ဂလိပ်ရက်ထပ်နှစ်ရက်ပေါင်းလျှင် ရက် ၉၀ လိုပြန်သည်။ ထိုသို့ လိုနေသည့် ရက် ၉၀ ပြည့်မီအောင် ရှစ်နှစ်လျှင် ဝါသုံးကြိမ်ထပ်ပေးရန် လိုအပ်ပြန်သည်။ ထပ်ပုံထပ်နည်းမှာ ပထမဝါနှင့်ဒုတိယဝါကို သုံးနှစ်တစ်ကြိမ်ထပ်၍ တတိယဝါကို နှစ်နှစ်တစ်ကြိမ်ထပ်ပေးခြင်း ဖြစ်သည်။
ဝါဆိုလ မြတ်လေးပန်း
မြတ်လေးပန်းနှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က မြတ်လေးပန်းအား ဝါဆိုလ၏ရာသီပန်းအဖြစ် သတ်မှတ် ထားကြသည်။ မြတ်လေးပန်းသည် တော်ဝင်ပန်းဖြစ်သည့်အလျောက် ကုန်းဘောင်ခေတ် တစ်လျှောက်လုံး မြတ်လေးပန်းအဆီကို နန်းတွင်းသုံးခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုး အသုံးပြုကြကြောင်း လေ့လာမှတ်သားရသည်။ မြတ်လေးပန်း၏ ထူးခြားချက်မှာ အပွင့်ကိုဆွတ်ခူးမည့်သူမရှိပါက ဘယ်သောအခါမျှ အလိုအလျောက် မြေမခဘဲ နွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက်တွင်တည်ပါသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဣန္ဒြေသိက္ခာ ထိန်းသိမ်းကြရာ၌ မြတ်လေးပန်းလိုကျင့်ဟု ပမာနှိုင်း၍ ဆိုကြသည်။
ဝိမာနဝတ္ထု အဋ္ဌကထာတွင်လည်း ပန်းတွင်မုလေးပန်းက မြတ်ကြောင်းဆိုထားသည်။ ရွှေထီးရွှေနန်း မင်းအဆက်ဆက် ထွက်စံတော်မူရာ ရာဇမတ်တန်း မင်းလမ်းများတွင် တံခွန်ကုက္ကား၊ မုလေးပွား စိုက်ဆောက်သည်မှာလည်း အခါခပ်သိမ်း မုလေးပန်းဆိုင်း မရသောကြောင့် မုလေးပန်းတုအထည်စက္ကူများကို ပြုလုပ်ကြရကြောင်း၊ ထို့ကြောင့် မုလေးပွားဟုခေါ်ဆိုကြောင်း လေ့လာမှတ်သားရသည်။
မြန်မာ့ဆေးကျမ်းတွင် မြတ်လေးပင်သည် ဖန်၏။ ခါး၏။ စပ်၏။ ပူ၏။ ကြေကျက်လွယ်၏။ အန်စေတတ်၏။ ဒေါသသုံးပါးကို ငြိမ်းစေတတ်၏ ဟု ညွှန်းဆိုထားသည်။ မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏အကျိုးကို သီရိရာဇေန္ဒြသေနရသေ့စီရင်သည့် ဒြဗျဂုဏ်ဆေးကျမ်းတွင် မုလေးပန်းသည် သလိပ်နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေးပန်း၏ အမုံအကင်းသည် မျက်စိနာနှင့်သင့်၏။
ထိုမုလေးရွက်သည် သလိပ်သည်းခြေကိုနိုင်၏ဟု ဆိုထားသည်။ ဝေဿာမိတ္တ ရသေ့စီရင်သည့် သရရတုကထနဆေးကျမ်းတွင် မုလေးကျီးပေါင်းကို ရေဝတီနက္ခတ်အကြိုက်တွင် ယူဆောင်လျှင် လူအပေါင်းတို့စကားကို နာယူရသည်ဟု ဆိုထားသည်။
ဝါဆိုပွဲတော်များ
ဝါဆိုလတွင် ရဟန်းသံဃာတော်တို့က မိမိတို့ ကျောင်းပရဝဏ်အတွင်း ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့မရွှေ့မပြောင်းကြဘဲ နေထိုင်သီတင်းသုံးကြသည်။ ထို့ကြောင့် ဝါဆိုလသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ဘာသာတရားကိုထူထောင်၍ သာသနာတော်၏အထောက်အပံ့ဖြစ်သော သံဃာအဖွဲ့အစည်းကို ကျစ်လျစ်ခိုင်မာစေရန် ပြုစုသော သဘောရှိခြင်းကြောင့် အထွတ်အမြတ် ပြုရသည့်လ ဖြစ်သည်။
ပုဂံခေတ်က ဝါဆိုလကို မလွယ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာ ဟု အမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ ဝါဆိုဟူသောဝေါဟာရမှာ ပုဂံပြည် အနော်ရထာမင်းစောလက်ထက် ပရိယတ္တိသာသနာ စာပေကျမ်းဂန်ရောက်ရှိ၍ ရဟန်းသံဃာတော်တို့ ဝါဆိုဝါကပ်ပြုတော်မူသောကြောင့် ဝါဆိုလဟု မြန်မာဘာသာဖြင့် ခေါ်ဝေါ် ရေးသားကြသည်။ ရှေးဝေါဟာရ မဟုတ်ရာ၊ နွေတာလသာလျှင် ရှေးဝေါဟာရ ဖြစ်သည်။ ယူရန်ရှိသည်ဟု ကျမ်းဂန်များက ဆိုသည်။
တစ်နည်းဆိုရလျှင် ဝါဆိုဟူသည်မှာ ရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြားတစ်ပါးသို့ အကြောင်းမဲ့ မသွားရဘဲ မိမိတို့၏ ကျောင်းအာရာမ်(ဝင်း/ခြံ)အတွင်း၌နေခြင်းဖြစ်ပြီး ဤသို့ရဟန်းတော်များ ဝါဆို၊ဝါကပ်သည်ကိုစွဲ၍ ဝါဆိုလဟုခေါ်ကြခြင်း ဖြစ်သည်။
မြန်မာမင်းများလက်ထက်က တစ်လလျှင် ပွဲတော်တစ်မျိုးစီကျင်းပလေ့ရှိရာ ဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပလေ့ရှိသည်။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့အား ရဟန်းဘောင်သို့ အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းဖြစ်ရာ ဘုရင်များ ကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်သည်။ ထိုပွဲတော်ကို မည်သည့်ခေတ်၊ မည်သည့်ဘုရင်လက်ထက်တွင် စတင်ခဲ့ကြောင်းသိရှိရန် မလွယ်ကူတော့သော်လည်း ကျောက်စာပါရေး ထုထားသည့် အကြောင်းအရာများ၊ ရှေးစာဆိုများ၏ ဖွဲ့ဆိုမှုများအရ ပထမအင်းဝခေတ်၌ ပဉ္စင်းတော်ခံပွဲတော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှေးမြန်မာမင်းများ လက်ထက်က နယုန်လစာပြန်ပွဲတွင် စာအောင်ကြသူများအနက် မပြည့်စုံကြသော ပြည်သူတို့ကို ဘုရင်မင်းမြတ်ဦးစီး၍ ရှင်အဖြစ်လည်းကောင်း၊ ရဟန်းအဖြစ်လည်းကောင်း ရှင်ပြုရဟန်းခံခြင်းများကို တခမ်းတနား ကျင်းပပြုလုပ်ကုသိုလ်ယူလေ့ရှိရာ ဝါဆိုလပဉ္စင်းခံပွဲဟူ၍ ဆယ့်နှစ်လရာသီ ပွဲတော်တစ်ခုအဖြစ် တွင်ကျန်နေရစ်ခြင်း ဖြစ်သည်။
သို့ရာတွင် မျက်မှောက်ကာလတွင်မူကား ပဉ္စင်းတော်ခံပွဲကို ရှေးအခါကကဲ့သို့ ဝါဆိုလ၌သာ ကျင်းပလေ့ မရှိတော့ဘဲ ရာသီဥတုသာယာသည့် ဆောင်း၊ နွေဥတု နှစ်ပါးစလုံးတွင် မိမိတို့အဆင်ပြေသည့်လ၌ ကျင်းပလေ့ရှိနေပြီဖြစ်သည်။
ထို့ကြောင့် ဝါဆိုလ၏ရာသီပွဲတော်မှာ ပဉ္စင်းတော်ခံပွဲမဟုတ်တော့ဘဲ သံဃာတော်များ ဝါဆိုပွဲ၊ ဝါဆိုပန်းပွဲနှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲ၊ သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲတို့ကို စုပေါင်းခေါ်ဝေါ်ထားသည့် ဝါဆိုပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့၏ ရာသီပွဲတော်ဖြစ်သည်။ စုပေါင်းခေါ်ဝေါ်ထားသည့် ဝါဆိုပွဲတော် ဖြစ်သည်။
ဝါဆိုလပြည့် ဗုဒ္ဓနေ့ဝါဆိုလသည် မြန်မာလများတွင် ဘာသာ၊ သာသနာဆိုင်ရာ ထူးမြတ်သည့် လဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့သည်လည်း သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိကာ ဆိုသည့်အတိုင်း ဂေါတမ မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြား တော်မူခြင်း၊ ရေအစုံ၊ မီးအစုံ၊ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေး မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ဖြစ်သည်။
ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်သကဲ့သို့ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့ဖြစ်သကဲ့သို့ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်းဖြစ်သည်။ ဧဟိဘိက္ခူ ဟူသောစကားကို စတင်ကြား ရသောနေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော် များသည် ဝါဆိုလပြည့်ကျော်တစ်ရက်မှစ၍ ဝါတွင်းသုံးလကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူးအခါမြတ်လည်းဖြစ်သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ၏ နေ့ထူးနေ့မြတ် ဖြစ်ပေတော့သည်။
ထို့ပြင် ဗုဒ္ဓဘာသာဝင်တို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းများကိုပြုကြသည်။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တွင်လည်း နိုင်ငံတော်တစ်ဝန်းရှိ ဒေသအတော်များများတွင် ဝါဆိုပန်းခူးသည့်အလေ့အထမှာ ရှေးမှစ၍ ယနေ့တိုင်ရှိနေပြီး ဘုရားကပ်လှူရန်ရည်ရွယ်၍ ပန်းများပျော်ပျော်ရွှင်ရွှင် ခူးဆွတ်ဆင်နွှဲကြသည်။ ဝါဆိုပန်းများ၊ ဝါဆိုဖယောင်းတိုင်ကြီးများ၊ လှူဖွယ်ပစ္စည်းများနှင့်အတူ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်းကပ် လှူပွဲများလည်း ဆင်နွှဲလေ့ရှိကြသည်။
တောင်သူပျော်သောလ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ဝါဆိုလတွင် တရားဓမ္မဆိုင်ရာများ ဝေေ၀စည်စည် ကျင်းပကြသလို ရှေးကာလကတည်းကပင် လယ်ယာမိုးမြေ လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လေ့ရှိသည်။ လယ်ယာလုပ်ငန်းသည် အဓိကအရင်းခံ စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပြီး ဝါဆိုမိုးနှင့်အတူ နိုင်ငံအတွင်း၌ လယ်လုပ်ငန်းများကို တောင်သူလယ်သမားများက တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ကြသည်။ ထို့ကြောင့် ဝါဆိုလမြင်ကွင်းတွင် ဝါဆိုတော်မူနေသော ရဟန်းသံဃာတော်များနှင့်အတူ တက်ကြွလန်းဆန်းရွှင်မြူးနေသော လယ်လုပ်ငန်းရှင်တို့မှာ ဒင်္ဂါးပြားခေါင်းနှင့် ပန်းသဖွယ် ယှဉ်တွဲလျက်ရှိပေသည်။
အချုပ်အားဖြင့်ဆိုသော် ဝါဆိုကာလသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် မွန်မြတ်သော လတစ်လဖြစ်သည်။
ဝါဆိုကာလကစ၍ တရားဓမ္မသံများ ဝေစည်လျက်ရှိသည့် လောကီကာမဂုဏ်ကိစ္စများ ဖြစ်သည့် ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်းများပင် ခေတ္တရပ်နားထားကြသည်။ သက်ကြီး၊ ဝါကြီး ပုဂ္ဂိုလ်များကို ပူဇော်ကန်တော့ပွဲများလည်း ကျင်းပလေ့ရှိပြီး နိုင်ငံတစ်ဝန်း၌ ကုသိုလ်ကောင်းမှုများဖြင့် တိုးပွားပြည့်စုံနေသော လတစ်လဖြစ်ရာ ရခဲလှသောလူ့ဘဝအချိန်ကာလအတွင်း ဝါဆိုလဆန်းအချိန် ကာလကစ၍ ကောင်းမှုကုသိုလ်တရားများ ပွားများကြစေလိုကြောင်း နှိုးဆော်သမှုပြုအပ်ပါသည်။
ဆက်လက်၍ တင်ပြလိုသည်မှာ ဝါဆိုလသည် ကောင်းကင်ယံတစ်ခွင်၌ မိုးသံလေသံများညံပြီး မိုးဖြိုင်ဖြိုင် ရွာသည့် လဖြစ်သည့် အားလျော်စွာ သစ်ပင်ပန်းမန်များ စိမ်းစိမ်းစိုစိုရှိပြီး သစ်ပင်စိုက်ပွဲတော်များ စည်စည်ကားကား စတင်ကျင်းပကြသော လလည်းဖြစ်ပေသည်။ သို့ပါ၍ နောင်လာနောက်သား ကမ္ဘာသူကမ္ဘာသားများ၊ သက်ရှိအားလုံးတို့အတွက် ဤကမ္ဘာမြေကြီးသာယာလှပစေဖို့ ကြီးမြန်သစ်ပင်များကို ယနေ့လူသားများက စိုက်ပျိုးခြင်းဖြင့် အလှဆင်သော လလည်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
တင်ထက်ထက်ဇော်