ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရန်ကုန်တက္ကသိုလ်   နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် Virtual စနစ်ဖြင့်ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို “ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာ ပြည့်ပွဲတော်” သီချင်းဖြင့် စတင်ဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့် သဘင်အခမ်းအနားကို Virtual စနစ်ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြား သည်။ 

ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက Video Message ပေးပို့၍ ဝမ်းမြောက်စကားပြောကြားသည်။ 

ထို့နောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဝမ်းမြောက်စကားပြောကြားရာတွင် ရန်ကုန်တက္ကသိုလ် မဟာစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဦးစားပေး အစီအစဉ်တွေအဖြစ် (၁)တက္ကသိုလ် လွတ်လပ်စွာကိုယ်ပိုင် စီမံခန့်ခွဲခွင့်တိုးတက်ရေး(၂)အရည်အသွေးနှင့် ကျွမ်းကျင်မှုတိုးမြှင့်စေရေး (၃)ဘွဲ့သင်တန်းများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုများ၊ သုတေသနနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး (၄)ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း။

ရန်ကုန်တက္ကသိုလ်၏ မဟာစီမံကိန်း အကောင်အထည်ဖော်မှု အတွေ့အကြုံပေါ် မူတည်ပြီး အခြားတက္ကသိုလ် တွေကိုလည်း လမ်းကြောင်းမှန်အတိုင်းလိုက်ပါလျှောက် လှမ်းနိုင်ဖို့နှင့် ရန်ကုန်တက္ကသိုလ်ကလည်း ဦးဆောင် လက်တွဲခေါ်ဖို့ အရေးကြီးသည့် အတွက် အခြားတက္ကသိုလ်များရဲ့ လိုအပ်ချက်များကို မချန်ထားဘဲ ကာလတို၊ နှစ် အလိုက်လျာထားပံ့ပိုးပေးမှာဖြစ်ကြောင်း။

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တွေကလည်း မိမိတို့ဒေသမှာရှိတဲ့ တက္ကသိုလ်တွေ အတွက် မဟာစီမံကိန်းများပြုစုနိုင်ဖို့၊ အကောင်အထည်ဖော်နိုင်ဖို့ တို့အတွက် ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်း ပြီး လိုအပ်တဲ့ အားပေးပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်ရန် မေတ္တာရပ်ခံအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေနဲ့ လည်း ဆက်လက် ပူးပေါင်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း။ 

ရန်ကုန်တက္ကသိုလ်မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်၍ ငါးလုပ်ငန်းပညာ ဘွဲ့သင်တန်းဖွင့်လှစ်ခြင်း၊ ဒီပလိုမာသင်တန်းနဲ့ ဘွဲ့သင်တန်း စတင်ဖွင့်လှစ်နိုင်ဖို့အတွက် ရေနှင့်သဘာဝပတ်ဝန်းကျင်ပညာဌာန အသစ်ဖွင့်လှစ်ခြင်း၊ မနုဿဗေဒဌာနကဦးစီးပြီး တိုင်းရင်းသား ပညာဘာသာရပ်သင်ကြား ပို့ချရန်စီစဉ်ခြင်း တို့ကိုလည်း မဟာစီမံကိန်းရဲ့ ထောက်ခံအကြံပြုချက်အရ ဦးစားပေး စတင်ဆောင်ရွက်လျက်ရှိကြောင်း။

ရန်ကုန်တက္ကသိုလ်ဟာ ပြည်ထောင်စုရဲ့ ဂုဏ်ဆောင်တက္ကသိုလ်ကြီးအဖြစ် ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်ပြီး ကမ္ဘာတည်သရွေ့  တည်တံ့နိုင်ဖို့အတွက် စုပေါင်းအင်အားနဲ့  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြပါလို့ ပန်ကြားတင်ပြအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ တွဲဖက်အတွင်းရေး မှူး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကျင်းပ ရေးလုပ်ငန်းကော်မတီများ အလိုက် လုပ်ငန်းဆောင်ရွက်မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ကျေးဇူးတင်ဝမ်းမြောက်စကား  ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် သုတေသနစာတမ်းဖတ်ပွဲများ  ကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ကျေးဇူးတင် ဝမ်းမြောက် စကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် ရသစာတမ်းနှင့် ကဗျာပြိုင်ပွဲ ကျင်းပမှု Video Clip ကိုပြသပြီး ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ကာ စီးပွားရေး တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်ဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပမှု Video Clip ကို ဖွင့်လှစ်ပြသပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ်ဆိုင်ရာ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံပြိုင်ပွဲဆိုင်ရာ Video Clip ကိုဖွင့်လှစ်ပြသပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ တေးသီချင်းအပုဒ် ၁၀၀ တင်ဆက်မှု၊ ရန်ကုန် တက္ကသိုလ်ဆိုင်ရာ မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် ဂုဏ်ပြုအစီအစဉ်များ တင်ဆက်မှု ဆိုင်ရာ Video Clip ကို  ဖွင့်လှစ်ပြသပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြား သည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်ရာပြည့် သဘင် ဂုဏ်ပြုတက္ကသိုလ်အငြိမ့်အဖွဲ့များ ဖျော်ဖြေမှု Video Clip ကို  ဖွင့်လှစ်ပြသပြီး ပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

 ယင်းနောက် ရန်ကုန်တက္ကသိုလ်ရာပြည့် ဂုဏ်ပြုသီချင်းဖြစ်သည့် “မြကျွန်းညိုညို တက္ကသိုလ်”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။                       

(၅၀၀)