လမြတ်ဝါဆို ကုသိုလ်တော်ပိုသည်
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၁ ရက်)
မြန်မာ့တစ်ဆယ့်နှစ်လ ရာသီများထဲတွင် ဘာသာရေးဆိုင်ရာ ပွဲသဘင်နှင့် ဆက်စပ်သောလများရှိသည့် အနက် ဝါဆိုလကမူပို၍ ထူးခြားသောလဟုဆိုရမည်ဖြစ်သည်။ ဝါဆိုဟူသော ဝေါဟာရသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် ဝါကပ်၊ ဝါဝင်၊ ဝါခေါင်၊ ဝါကျွတ်၊ ဝါထွက်၊ ဝါပန်၊ ဝါကျိုး၊ ဝါဆဆိုပန်းစသည်ဖြင့် ဘာသာရေးဆိုင်ရာ စကားအသုံးအနှုန်းဝေါဟာရများ များလှသည်။ ဝါဆိုလအကြောင်းအရာနှင့် ဝါဆိုစဉ်အကြောင်းအရာများ ရေးဖွဲ့ခဲ့ကြသည့်
ရှေးစာဆိုကြီးများ၏ စာအလင်္ကာများနှင့် အနုပညာရပ်များသည် မြန်မာမှုနယ်ပယ်တွင် များစွာရှိသည်။
ပုဂံခေတ်ကထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားလာသည်နှင့်အမျှ ဘာသာရေးကို အကြောင်းပြု၍ ဆယ့်နှစ်လရာသီပွဲလမ်း သဘင်များဖြစ်ပေါ်လာသည်။ ဤသည်ကို သက္ကရာဇ် ၉၀၄ ခုနှစ်တွင်ရေးဖွဲ့ခဲ့သော အရှင်အဂ္ဂသမာဓိ၏ နေမိဘုံခန်းပျို့တွင် “ကထိန်သင်္ကန်း၊ ရဟန်းရှင်လူ၊ ကျွတ်ဆုရည်ငံ၊ ပÍ္စင်းခံလျက်၊ ငှက်ပျံဖြုန်းဖြုန်း၊ တန်ဆောင်မုန်း၌၊ မီးဖုန်းမကျန်၊ သင်္ကြန်မမေ့၊ စေ့မြေ့လှူဒါန်း၊ ညောင်ရေသွန်းလျက်”ဟု ရေးဖွဲ့ထားခြင်းအရ ထိုခေတ်တွင် ပဉ္စင်းခံ၊ ရှင်ပြုပွဲတော်ရှိနေပြီဟု သိနိုင်ပေသည်။ သို့သော်ထိုမတိုင်မီ ပုဂံ၊ ပင်းယ၊ စစ်ကိုင်းခေတ်တွင် ပဥ္စင်းခံပွဲတော် ကျင်းပကြောင်းကို ကျောက်စာမင်စာများအရမတွေ့ရကြောင်း လေ့လာသိရှိရသည်။
မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ဝါဆိုလသည် ထူးခြားမှုရှိသောလဖြစ်သည်။ ၀ါဆိုလပြည့်နေ့တွင် သန္ဓေ တောထွက် ဓမ္မစက် တစ်ချက်ပြာဋိဟာ ဆိုသည့်အတိုင်း သဗ္ဗညုတဘုရားရှင်၏ ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာ ဟောတော်မူခြင်း၊ တိတ္ထိတို့ကို အကြောင်းပြု၍ရေမီးအစုံ တန်ခိုးပြာဋိဟာများကို ပြတော်မူခြင်းဟူသော ထူးခြားသည့် ဗုဒ္ဓဝင်ဆိုင်ရာနေ့ဖြစ်သည်။ ၀ါဆိုလသည် ရာသီဥတုအားဖြင့် နွေဥတုနှင့် မိုးဥတုနှစ်ခုစလုံး၌ပါဝင်၍ နွေတစ်ပိုင်း၊ မိုးတစ်ပိုင်းရောနှောနေသောလဖြစ်သည်။ ဗေဒင်အရ ကရကဋ်ရာသီဟုခေါ်ပြီး ရာသီရုပ်မှာ ပုစွန်လုံးဖြစ်သည်။ နေ့မှာဝါဆို၊ ညမှာပြာသို ဆိုသကဲ့သို့ ညတာတို၍ နေ့တာအရှည်ဆုံးသော ရက်စုံလဖြစ်သည်။
မြန်မာ့ရိုးရာပြက္ခဒိန်တွင် တစ်ခါတစ်ရံ ဝါဆိုထပ်သောနှစ်ကိုကြုံတွေ့ရတတ်သည်။ ၀ါထပ်သောနှစ်ဆိုသည်မှာ ဝါဆိုလကိုနှစ်ကြိမ်ထပ်ပြီး ပထမဝါဆိုလနှင့် ဒုတိယဝါဆိုလဟူ၍ သတ်မှတ်ရေတွက်ထားသည့်နှစ်ကို ဆိုလိုသည်။ ယမန်နှစ် ၁၃၈၅ ခုနှစ်မှာ ဝါထပ်သောနှစ်ဖြစ်ခဲ့သည်။ ဝါထပ်သည့်နှစ်ဖြစ်ခဲ့သလို ထူးခြားလေးနက်သည့် အလှူတော်မဟာမင်္ဂလာ အခမ်းအနားကို ၀ါဆိုလပြည့်နေ့တွင်ကျင်းပနိုင်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်)နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများကို ကျင်းပခဲ့သည်။ ဤသည်မှာ ၀ါဆိုလပြည့် မမေ့နိုင်စရာ ကုသိုလ်တော်ဖြစ်သည်။
၀ါဆိုဟူသောဝေါဟာရနှင့် ဝါဆိုလကို အခြေခံ၍ဖြစ်ပေါ်လာသော မြန်မာ့ယဉ်ကျေးမှုကို တင်ပြပါမည်။ ရှေးခေတ်ကျောက်စာမင်စာ၊ ပျို့ကဗျာလင်္ကာ မော်ကွန်းတို့တွင် မြွယ်တာလ၊နွယ်တာ၊ နွေတာ စသည်ဖြင့်ရေးသားခဲ့ကြသည်။ ရဟန်းတော်များဝါဆိုဝါကပ်ပြုရာတွင် ရွတ်ဆိုကြရသည့် “ဣမသ္မိံ ၀ိဟာရေ ဣမံတေမာသံ ဝဿံဥပေမိ” (ဝါတွင်း သုံးလကာလပတ်လုံး ဤကျောင်းတွင် သီတင်းသုံးနေထိုင်ပါမည်) ဟူသောအဆိုပါ ဝဿမှ ဝါ ဖြစ်လာပြီးအဓိဋ္ဌာန်ပြု ရွတ်ဆို မှုမှ ဆို နှင့်ပေါင်းကာ “ဝါဆို” ဟူသော ဝေါဟာရဖြစ်ပေါ်လာသည်။ဝါဆိုလပြည့်ကျော် တစ်ရက်မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိသည် ဝါတွင်းကာလဖြစ်သည်။ ဝါဆိုလတွင်ဝါဆို သင်္ကန်းကပ်လှူခြင်းနှင့်အတူ အခြားသော အလှူဒါနများကိုလည်းပြုလုပ်ကြသည်မှာ ဝါဆိုလသည် မြန်မာတို့အတွက် ကုသိုလ်ပိုမိုရရှိသောလဟု ဆိုနိုင်သည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဆိုပူဇော်ခြင်းများ ပြုကြသည်။ ၀ါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများပြုခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းများကို ပြုကြသည်။ နိုင်ငံအတွင်း နေရာဒေသအများအပြားတွင် ၀ါဆိုပန်းခူးသည့် အလေ့အထမှာ ရှေးကာလမှယနေ့တိုင်ရှိနေသည်။ ၀ါဆိုပန်းများ၊ ဝါဆိုဖယောင်းတိုင်များ၊ လှူဖွယ်ပစ္စည်းများနှင့်အတူ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူပွဲများမှာ မြန်မာ့ယဉ်ကျေးမှုဓလေ့များဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်လျက်ရှိရာတွင် မြန်မာပြည်သူအများ၏ စိတ်နှလုံးကို သာယာချမ်းမြေ့စေခြင်းငှာ ဘာသာရေးဆိုင်ရာ အလှူအတန်းများကိုလည်း ဦးစီးဦးဆောင်ပြု ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ဆယ့်နှစ်လရာသီပတ်လုံး ကျင်းပနေသည့် ရာသီပွဲတော် အခမ်းအနားများကို မြန်မာ့ဓလေ့ထုံးစံအတိုင်း ကျင်းပပေးလျက်ရှိသည်။ ဝါဆိုလတွင်လည်း ဝါဆိုလနှင့်ဆိုင်ရာ အလှူမင်္ဂလာများကို ကျင်းပပေးလျက်ရှိပေရာ လမြတ်ဝါဆို ကုသိုလ်တော်ပို လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။ ။