ဘင်္ဂလားဒေ့ရှ်၌ အပြင်မထွက်ရအမိန့် တည်မြဲစေရန် စစ်သည်များ ကင်းလှည့်ပေးနေ

 

ဘင်္ဂလားဒေ့ရှ်၌ အပြင်မထွက်ရအမိန့် တည်မြဲစေရန် စစ်သည်များ ကင်းလှည့်ပေးနေ 

 

      ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ဖြစ်ပေါ်နေသည့်     ဆူပူအုံကြွမှုများကို  ထိန်းသိမ်းနိုင်ရေးအတွက်  အစိုးရက အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားရာ ထိုအမိန့်တည်မြဲစေရန် စစ်သည်များက ကင်းလှည့်ပေးနေကြောင်း သိရသည်။

အစိုးရ၏ အလုပ်အကိုင်ခွဲတမ်းအပေါ် ကျောင်းသားများ ဦးဆောင်၍ ဆူပူဆန္ဒပြမှုများ လုပ်ဆောင်လာခြင်းကို ထိန်းသိမ်းနိုင်ရန် တာဝန်ရှိသူများက ဇူလိုင်လ ၁၉ ရက်တွင် အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုသီတင်းပတ်အတွင်း အဆိုပါဆူပူဆန္ဒပြမှုများကြောင့် သေဆုံးသူ အနည်းဆုံး ၁၀၅ ဦးရှိကာ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိထားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများသည်   နိုင်ငံအတွင်း အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး စာသားမက်ဆေ့ပေးပို့မှုများကိုလည်း တားမြစ်ထားသည်။

အစိုးရ၏   အလုပ်အကိုင်ခွဲတမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို    ပါကစ္စတန်နိုင်ငံ လက်အောက်မှ လွတ်မြောက်အောင် တိုက်ခိုက်ပေးခဲ့သူများ၏   မိသားစုဝင်များအတွက် အလုပ်အကိုင်နေရာ ၃၀ ရာခိုင်နှုန်း ထည့်သွင်းထားမှုအပေါ်    ကျောင်းသားများက မကျေနပ်ဘဲ   ဆန္ဒပြရာမှ ယခုကဲ့သို့ဆူပူအုံကြွမှုများ ဖြစ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက   ဆူပူအုံကြွမှုများကိုဖြိုခွဲနိုင်ရေးအတွက် မျက်ရည်ယိုဗုံးများ၊ အသံလက်ပစ်ဗုံးများ ပစ်ခတ်ခဲ့ရပြီး  ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား အပြန်အလှန် တိုက်ခိုက်မှုများလည်း ဖြစ်ပွားသည်။

ယခုဆန္ဒပြမှုသည်      ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ အနေဖြင့် စတုတ္ထမြောက် သက်တမ်းအတွက် ထပ်မံအရွေးချယ်ခံရပြီးနောက် အကြီးမားဆုံးဖြစ်သည်။

အလားတူ လူဦးရေ သန်း ၁၇၀ ရှိသည့် အနက်    ငါးပုံတစ်ပုံသော လူငယ်များက အလုပ်လက်မဲ့ဖြစ်နေသောကြောင့် အစိုးရ၏ အလုပ်အကိုင်ခွဲတမ်း မူဝါဒအပေါ် ဆန္ဒပြသူများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။

Dates: 
Sunday, July 21, 2024 - 18:10