ဂျိုးဘိုင်ဒင်ကို ရွေးကောက်ပွဲမှနုတ်ထွက်ပေးရန် ဒီမိုကရက်တစ် ပါတီများက ဖိအားပေးလာ
အမေရိကန်ကွန်ဂရက်မှ ဒီမိုကရက်တစ် ပါတီအမတ် အနည်းဆုံး ၁၃ ဦးက သမ္မတဂျိုးဘိုင်ဒင်ကို ရွေးကောက်ပွဲမှ နုတ်ထွက်ပေးရန် ဖိအားပေးလာကြောင်း NBC သတင်းဌာနကဖော်ပြထားသည်။
ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်အထိ ဂျိုးဘိုင်ဒင်ကို ကန့်ကွက်သော ဒီမိုကရက်တစ်ပါတီမှ အမတ်စုစုပေါင်း ၃၅ ဦးအထိရှိလာပြီဖြစ်သည်ဟု သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် ဒီမိုကရက်တစ်ပါတီတွင် လွှမ်းမိုးမှု ရှိသူများဖြစ်သည့် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၊ ဆီးနိတ်လွှတ် တော်မှ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ချက်ရှူးမားနှင့် လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပီလိုဆီတို့ကလည်းဂျိုးဘိုင်ဒင်၏ ပြန်လည်ရွေးကောက်ခံခွင့် ရရှိနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်နေသည်။
ပြည်သူ့ရေးရာဆိုင်ရာ AP-NORC စင်တာက လုပ်ဆောင်သော သုတေသန စစ်တမ်းတစ်ခုတွင်မူ နိုင်ငံတစ်ဝန်းရှိ ဒီမိုကရက်တစ်ပါတီဝင် သုံးပုံနှစ်ပုံနီးပါးက ဘိုင်ဒင်ကိုရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မှုမှ နုတ်ထွက်စေလိုကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် ဂျိုးဘိုင်ဒင်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတွက် သီးသန့်ခွဲ၍ နေထိုင်လျက်ရှိပြီး လာမည့်သီတင်းပတ်တွင်မူ လူထုစည်းရုံးပွဲများကို ပြန်လုပ်မည်ဖြစ်သည်။
အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် ဂျိုးဘိုင်ဒင်သည် အနာဂတ်အတွက် အမြင်ကွယ်နေပြီဟု ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်က ပြောထားကြောင်း သိရသည်။