နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်

 

နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်)

      ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် (Bay of Bengal Initiatives for Multi- Sectoral Technical and Economic Cooperation- BIMSTEC) သည် အာဆီယံကဲ့သို့ အရေးပါသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ဒေသတွင်းအဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့သည် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည်။ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်တွင်ကျရောက်သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(ဘင်းမ်စတက်) တည်ထောင်မှု (၂၇)နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့်ပြည်သူများ ကိုယ်စား ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ အဆိုပါသဝဏ်လွှာအား အခြားသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ   နိုင်ငံ့ခေါင်းဆောင်များ၏ သဝဏ်လွှာများနှင့်အတူ ဘင်းမ်စတက် အတွင်းရေးမှူးရုံး၏ တရားဝင်ဝက်ဘ်ဆိုက်၌ လွှင့်တင်ထားရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့သည့် သဝဏ်လွှာတွင် “ဘင်းမ်စတက်သည် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအတွက်  စင်္ကြံတစ်ခုအဖြစ်သာမက  အဖွဲ့ဝင်နိုင်ငံများအကြား  ချစ်ကြည်ရင်းနှီးမှု၊  အပြန်အလှန် နားလည်လေးစားမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများကိုလည်း တိုးတက် ခိုင်မာစေသည့်အတွက် ကျွန်ုပ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ထို့ပြင် အပြန်အလှန် အထောက်အကူပြုခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းလျက်ဒေသတွင်း လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကျွန်ုပ်တို့၏မြဲမြံသော ကတိကဝတ်များကို ဘင်းမ်စတက် ပဋိညာဉ်စာတမ်းက အထင်အရှားပြသနေပါသည်” ဟူ၍ ထည့်သွင်းဖော်ပြထားသည်။

(၂၇)နှစ်တာ ကာလအတွင်း ဘင်းမ်စတက်သည် ၁၉၉၇ ခုနှစ် ဗန်ကောက်ကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသည့် မူဝါဒများကို အခြေခံသည့် စုပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်းလူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ယန္တရားများကို ခိုင်မာမှုရှိအောင် ဆောင်ရွက်နိုင်ခြင်းစသည့် ထင်သာမြင်သာရှိသော တိုးတက်မှုများရှိခဲ့သည်။ စိန်ခေါ်မှုမျိုးစုံကိုဖြေရှင်းရာတွင်လည်း ဘင်းမ်စတက် မူဘောင်အောက်မှ စုပေါင်းအင်အားဖြင့် ကြိုးပမ်းလျက်ရှိသည်။ စည်းလုံးညီညွတ်မှုနှင့် စနစ်တကျပူးပေါင်း ဆောင်ရွက်မှုများက အနာဂတ်စိန်ခေါ်မှုများကို ဆက်လက်ကျော်လွှားနိုင်မည့် အဓိကအရာများဖြစ်သည်။

မြန်မာနိုင်ငံ၏ တည်နေရာသည် အရှေ့တောင်အာရှတွင် ရှိသကဲ့သို့ တောင်အာရှတွင်လည်း တည်ရှိသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှစ၍ ဘင်းမ်စတက်အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး “မူ” ကိုဆက်လက်လိုက်နာ ကျင့်သုံး လျက်ရှိသည်။ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်လည်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်လျက်ရှိသည်မှာ နှစ်ကာလအားဖြင့် များစွာကြာမြင့် ခဲ့ပြီဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍခုနစ်ခုရှိသည့်အနက် မြန်မာနိုင်ငံသည် “လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ”၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိသည်။

ဒုတိယအကြိမ်ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှု ပိုမိုမြှင့်တင်သွားရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ စွမ်းဆောင်ရည်မြှင့်တင်သွားရေး၊ နိုင်ငံဖြတ်ကျော် ငွေပေးချေရေးစနစ် အပါအဝင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်သွားရေး အပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ထို့အတူ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးတို့၏ အရေးကြီးမှုအပေါ် အလေးပေးပြောကြားခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ သို့ဖြစ်ပေရာ ဘင်းမ်စတက်အဖွဲ့၏ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိသည်မှာ မှန်ကန်သည့်ရွေးချယ်မှု ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။

Dates: 
Monday, July 22, 2024 - 09:40